spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးတပ်တွေက ပြည်နယ်ဝင်ပေါက်တွေကို ထိန်းချုပ်ထား၊ ကရင်နီပြည်ကို စစ်ကူမလာနိုင်တဲ့ စစ်ကောင်စီတပ်က ပြည်နယ်အတွင်းက နီးစပ်ရာမြို့တွေကနေသာ အင်အားဖြည့်တင်းနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ ပြည်နယ်ဝင်ပေါက်တွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်တာ ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကရင်နီပြည်မှာ စစ်ကောင်စီတပ်က ပြည်ပကနေ စစ်ကူတွေ လာရောက်ဖို့ ခဲယဉ်းတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ပြည်နယ်အတွင်းက နီးစပ်ရာ မြို့ကနေပဲ စစ်ကူလာတိုက်ပေးနေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“စစ်ကောင်စီကတော့ ဒါ ကရင်နီပြည်တွင်းကို စစ်ကူမပို့နိုင်တော့ဘူးလို့ ပြောလို့ရတယ်ပေါ့နော။ ဒီဖယ်ခုံကနေ မိုးဗြဲကိုလာတဲ့ဟာက ဒါက မြို့နယ်တစ်ခုကို တစ်ခု ဖြတ်သွားတဲ့ ပုံစံမျိုးပေါ့နော။ ဒီ ၁၀ မိုင်လောက်ဝေးတဲ့ မြို့နှစ်ခုကို သွားတာဖြစ်တယ်။ ဒါပေမယ့် ကရင်နီပြည်ထဲကို သီးသန့်စစ်ဆင်ရေးဝင်လာဖို့အတွက်ကတော့ စစ်ကောင်စီအတွက် ခက်ခဲတယ်ပေါ့နော။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒါပြည်နယ်ရဲ့ ဝင်ပေါက်တွေကို ထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့က စစ်ကောင်စီရဲ့ ခမရ ၄၂၂ တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်နေပြီး စစ်ကောင်စီက စစ်ကူအနေနဲ့ ဖယ်ခုံမြို့မှာရှိတဲ့ စစ်တပ်သားတွေကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

“စစ်ကောင်စီက အခုဆိုလို့ရှိရင် ဖယ်ခုံကနေပြီးတော့မှ မိုးဗြဲ ခမရ ၄၂၂ ကို စစ်ကူတွေပို့ပေးနေတယ်ပေါ့နော။ ၄၂၂ ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးလုပ်တဲ့အခါမှာ စစ်ကောင်စီဘက်က ဒါဖယ်ခုံကနေ မိုးဗြဲကို စစ်ကူပို့ပေးနေတာ ဖြစ်ပါတယ်။” လို့ တာအယ်စိုးက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ တော်လှန်ရေး သုံးနှစ်ကာလအတွင်း နယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းကို ရရှိထားတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဘက်က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ စခန်းပေါင်း ၆၅ ခုကိုလည်း တော်လှန်ရေးကာလ သုံးနှစ်အတွင်းမှာ သိမ်းပိုက်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ အခုလို နယ်မြေတွေကို စစ်ကောင်စီဘက်က ဆုံးရှုံးလာရခြင်းက စစ်ကူတွေကို မပို့နိုင်တော့တာကြောင့်ဖြစ်တယ်လို့လည်း တာအယ်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားဆောင်းမြို့ကို ပွန်ချောင်းမှာရှိတဲ့ စစ်ကောင်စီတပ်သား ၁၀၉ ယောက်က စစ်ကူအနေနဲ့ လာရောက်ခဲ့ပါတယ်။ သို့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာ ခံခဲ့ရတဲ့အတွက် စစ်ကောင်စီဘက်က ဗျူဟာမှူး၊ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၅၆ ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ၅၃ ဦးကတော့ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပါတယ်။

လွိုင်ကော်မြို့ ၁၁၁၁ စစ်ဆင်ရေးတိုက်ပွဲမှာလည်း စစ်ကောင်စီက စစ်ကူအတွက် ဘောလခဲမြို့မှာရှိတဲ့ တပ်သားတွေက စစ်ကူအဖြစ် လာရတယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေများပြီး ပြန်လည်ခုခံနိုင်သူ ၄ ယောက်သာကျန်တဲ့အတွက် စစ်ကူတောင်းခဲ့ပေမယ့် စစ်ကူရောက်မလာနိုင်ခဲ့လို့ လက်နက်ချခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချတဲ့အထဲပါဝင်တဲ့ ခမရ ၆ တပ်ခွဲမှူး ဗိုလ်ကြီး ကောင်းမြတ်ကို ရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာလည်း ရှားတောဘက်ကိုလည်း စစ်ကောင်စီက လေထီးနဲ့ စစ်ကူတွေပို့ပေးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဗျုဟာကုန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရှားတောမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts