spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်‌မြေမှာ ဒေသခံတွေ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ IEC ဆို

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ ဒေသခံတွေ နေရပ်ပြန်နေထိုင်နိုင်ဖို့အတွက် ဆောင်ရွက်နေတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ( ၂ ) ဦးဗညားက ပြောပါတယ်။

“ ကျနော်တို့ကတော့ ဒေသတစ်ခုချင်းစီမှာ မတူညီတဲ့အခြေအနေတွေကို ကြည့်ပြီးတော့မှ မတူညီတဲ့ စစ်ရေးနိုင်ငံရေးအခြေအနေတွေကို ကြည့်ပြီးတော့မှ ပြန်နေခွင့် စဥ်းစားထားတာ ရှိတယ်ပေါ့နော။ လုပ်လည်း လုပ်နေပါတယ်။ ခဏက ပြောသလိုပဲ ဒီဟာက သက်ဆိုင်ရာ အင်အားစုတွေနဲ့ ပေါင်းစပ်ညှိ့နှိုင်းပြီးတော့မှ လိုအပ်တဲ့ စစ်ရေး နိုင်ငံရေး နောက်ပြီးတော့မှ ကျန်းမာရေးကိစ္စတွေကို ဆောင်ရွက်စီမံရတယ်ပေါ့နော။ အဲဒီဟာ အဆင်သင့်ဖြစ်တဲ့နေရာတွေကို ကျနော်တို့ပြန်နေခွင့်ပေးတယ်။ လိုအပ်တဲ့ ထောက်ပံ့မှုဟာကအစ စိုက်ပျိုးရေးဟာကအစ မိုင်းရှင်းလင်းရေးကိုလည်း ကျနော်တို့ ချိတ်ဆက်ပြီးတော့မှ တစ်စချင်းတစ်စ ဖြည်းဖြည်း လုပ်‌ဆောင်နေတာရှိပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည် နယ်မြေဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ထုတ်ပြန်ထားပါတယ်။ သို့ပေမယ့် ထိန်းချုပ်ထားတဲ့ ဒေသ တော်တော်များများမှာ နယ်မြေရှင်းလင်းရေး မပြုလုပ်နိုင်သေးဘူးလို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“စစ်ကောင်စီတွေက စစ်ဖြစ်တဲ့ နေရာတွေသာမက စစ်မဖြစ်တဲ့ နေရာမျိုးတွေမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေရှိပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေ စစ်ရှောင်စခန်းတွေကို ပစ်တာတွေကတော့ ဒါကတော့ ဒီတော်လှန်ရေးသုံးနှစ်အတွင်းမှာ အမြဲတမ်းကြီးဖြစ်သွားတဲ့ အရာတွေပါ။” လို့ သူက ပြောပါတယ်။

မိုင်းရှင်းလင်းရေးတွေနဲ့ ပတ်သက်ပြီး အစီအစဥ် စနစ်တကျ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာတော့ နေရပ်ပြန်ဖို့ လုံခြုံနိုင်မယ့် ဒေသ၊ ကျေးရွာတချို့တွေမှာ ဒေသခံတွေ ပြန်လည်နေထိုင်တာတွေရှိနေပါတယ်။ သို့ပေမယ့် မြို့ပေါ်ရပ်ကွက်တွေမှာတော့ ဒေသခံတွေ နေထိုင်ဖို့ အန္တရာယ်ရှိနေသေးတဲ့အတွက် ပြန်လည်နေထိုင်ခွင့် မပြုသေးဘူးလို့ ဦးဗညားက ဆက်ပြောပါတယ်။

“တချို့မြို့တွေပေါ့နော။ ဥပမာ ရှားတောမြို့ပေါ် နေခွင့်မပေးသေးဘူး။ ဒီးမော့ဆိုမြို့ နေခွင့်မပေးသေးဘူး။ မယ်စဲ့လည်း နေလို့ အဆင်မပြေသေးဘူးပေါ့နော။ ဒီဟာက ဥပမာပြောတာပေါ့နော။ ဖယ်ခုံမြို့နယ်ထဲက မိုးဗြဲပေါ့နော။ အဲဒါလည်း နေခွင့်လည်း မရသေးပါဘူး။ ဒါက စစ်ရေးအရ လိုအပ်နေသေးတဲ့ နောက်ပြီးတော့မှ မိုင်းအန္တာရာယ်တွေလည်း ရှိနိုင်သေးတယ်။”လို့ ဦးဗညားက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာ လက်ရှိအချိန်အထိ သုံးနှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ ကရင်နီပြည်က ဒေသခံ နှစ်သိန်းခွဲဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

စစ်ဘေးရှောင်ကာလကြာမြှင့်တာနဲ့အမျှ စစ်ဘေး‌‌ရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားနေသလို နေရပ်ပြန်ဖို့အတွက်လည်း လုံခြုံရေးအရ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

spot_img
spot_img