spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“တော်လှန်ရေးနောက်ကွယ်က အညတရ ပညာရေး စေတနာ့ဝန်ထမ်းများ”

Author

Date

Category

မော်ဦးမြာ / ကန္တရဝတီတိုင်း(မ်)

အုံ့မှိုင်းမှိုင်း သစ်ပင်ကြီးတွေရဲ့အောက်က တောင်စောင်းကလေးပေါ်မှာ စာသင်ဆောင်တွေ ဆောက်လုပ်ထားပြီး၊ ကျောင်းတက်ချိန်ရဲ့မနက်ခင်းမှာ ကျောင်းသူ၊ ကျောင်းသား ၂၅၀ ဝန်းကျင်က မတ်တပ်ရပ်ပြီး ကရင်နီအလံတော်ရှေ့မှာ ကရင်နီနိုင်ငံတော်သီချင်းကို သီဆို၊ အလေးပြုပြီး ကျောင်းတက်တဲ့ တနေ့တာကို စတင်နေကြပါတယ်။ အဲ့ဒီနေရာကတော့ ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက အမှတ် ၈ ဆိုတဲ့ စစ်ဘေးရှောင်စခန်းမှာပါ။

“နွေဦးတော်လှန်ရေး” လို့ အမည်တွင်လာတဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုနောက်ဆက်တွဲ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးစဉ်မှာ လူကြီး၊ လူငယ်မရွေး နိုင်ရာဝန်ကိုထမ်းရင်း ကျရာကဏ္ဍမှာ ကျေပွန်စွာ ထမ်းဆောင်နေကြပါတယ်။ အဲ့ဒီထဲမှာ ဆယ်ကျော်သက်အရွယ် မမိုးမိုးသန်းလည်း အပါအဝင်ပါ။

သူမရဲ့ ဇာတိက ဘောလခဲမြို့နယ်ထဲက ကျေးရွာတရွာဖြစ်ပြီး၊ လက်ရှိမှာတော့ စစ်ဘေးရှောင်စခန်း အမှတ် ၈ ဆိုတဲ့နေရာမှာ တိမ်းရှောင်ခိုလှုံနေပါတယ်။ သူမဟာ စစ်ဘေးရှောင်စခန်းမှာ ဒီအတိုင်းလေး ခိုလှုံနေမဲ့အစား သူမ နိုင်ရာဝန်ကို ထမ်းလိုတဲ့ ဆန္ဒတခုကြောင့် စစ်ဘေးရှောင်စခန်းက ကျောင်းနေအရွယ် ကလေးငယ်တွေကို စာသင်ကြားပေးနေပါတယ်။

သူမက ၃ တန်း၊ ၄ လေးတန်း နဲ့ ၆ တန်း စတဲ့စာသင်တန်းတွေကို သင်ကြားပေးနေပါတယ်။

“ကျမတို့လည်း အဲ့ထက်ပိုကြိုးစားပေးမယ်ပေါ့နော။ အတန်းကြီးရဲ့စာကို လေ့လာမယ်၊ လေ့လာပြီး သင်တတ်သလောက် ကလေးကို ဒီတိုင်း အလဟဿမဖြစ်အောင် အဲ့လိုမျိုး ဆက်ပြီးတော့မှသင်ပေးလို့ရတယ် အဲ့လိုတော့တွေးထားပါတယ်။” လို့ ဆရာမ မိုးမိုးသန်းက သူမ စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းကို ပြောပြနေတာ ဖြစ်ပါတယ်။

ဆရာမ မိုးမိုးသန်း စာသင်ကြားပေးနေတဲ့ စစ်ဘေးရှောင်စခန်းက စာသင်ဆောင်ဟာ ဆွေးလုနီးပါး အစိမ်းရောင်မိုးကာတွေနဲ့ အမိုးမိုးထားပြီး အကာတွေကို ဝါးထရံတွေနဲ့ တဝက်နီးနီးသာ ကာရံထားပါတယ်။ ဒီလို မလုံမလဲ စာသင်တန်းတွေကို တခုနဲ့ တခု ကပ်လျှက်သာဆောက်လုပ်ထားတာမို့ တခန်းက သင်တဲ့စာတွေကို နောက်တခန်းက အတိုင်းသား မြင်ကြားနေရတာကြောင့် စာသင်ချိန်ဝင်မဲ့ ဆရာ၊ ဆရာမ အနေနဲ့ ရှိသမျှအသံစွမ်းအင်ကို အသုံးပြုပြီး သင်ကြားနေကြရပါတယ်။

အမှတ် ၈ စစ်ဘေးရှောင်စခန်းမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမ တွေအားလုံးဟာ စေတနာ့ဝန်ထမ်းတွေဖြစ်တာကြောင့် စာသင်ကြားမှုအပိုင်းမှာ သင်ယူနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ပညာရေးဝန်ထမ်းဘဝနောက်ခံကနေလာတဲ့ စာသင်ကြားသူတွေ မဟုတ်တာကြောင့်လည်း ပိုပြီး စိုးရိမ်ရတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။

“ကျမတို့က Volunteer သမားတွေဘဲ ဖြစ်တဲ့အခါကျတော့ ကိုယ်က ကိုယ်ထပ်တိုးလိုက်လို့ရှိရင် ကျောင်းသားတွေအတွက် ထိရောက်မှုမရှိမှာ စိုးရိမ်တယ်။ ဘာလို့ဆို အတွေ့အကြုံမရှိလို့လေးနော။ အမှန်တိုင်းပြောမယ်ဆိုရင် ကိုယ်သင်တဲ့ဟာကသူတို့အတွက် ထိ‌ရောက်မှုရှိမှ သင်လည်း ပိုအကျိုးရှိတာပေါ့နော။ ထိရောက်မှုမရှိရင် အကျိုးမရှိဘူးပေါ့နော။ အဲ့ဒါကတော့ ဆရာဆရာမတွေရဲ့ အခက်အခဲတွေပေါ့နော။” လို့ ပညာရေးစေတနာ့ဝန်ထမ်း ဆရာမ ခင်သူဇာက သူမရဲ့ စိုးရိမ်စိတ်ကို ရင်ဖွင့်ပြောဆိုလာတာ ဖြစ်ပါတယ်။

အထက်ပါ ဆရာမခင်သူဇာဟာလည်း မမိုးမိုးသန်းလို အမှတ် ၈ စစ်ဘေးရှောင်စခန်းမှာ ကျောင်းနေအရွယ် ကလေးတွေကို စာသင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာမတဦးပါ။ သူမတို့နှစ်ဦး စာသင်ကြားပေးနေတဲ့ စစ်ဘေးရှောင်စခန်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ လက်ရှိအခြေအနေကို မမိုးမိုးသန်းက အခုလို ပြောပြလာပါတယ်။

“အခုကလေးဆိုလည်း လိုအပ်နေတုန်းဘဲ ခုကြည့် ရှိတဲ့လူခါကျတော့ ရှိတယ်၊ မရှိတဲ့လူခါကျတော့ (စာအုပ်တွေကို) ပလပ်စတစ်အိတ်နဲ့ ဘဲ ထုတ်လာကြတယ်။ တချို့တောင်မှ ပလပ်စတစ်အိတ်မရှိဘူး ပြဿနာဖြစ်သေးတယ်။ အိမ်ကမိဘတွေနဲ့ ပြဿနာရှာလာပြီးတော့မှ ကျောင်းမှာမလာတော့ဘူး အဲ့မျိုးတွေလည်း ရှိခဲ့တယ်ပေါ့။” လို့ မမိုးမိုးသန်းက ပြောပါတယ်။

ကျောင်းသားမိဘတဦးကတော့ မိမိကလေးတွေကို စာနဲ့ဝေးကွာမသွားလေအောင်၊ ကလေးတွေကို ကျောင်းမတက်ရဘဲ စိတ်ဓာတ်ကျမသွားလေအောင် လုပ်ခလစာတွေ မရဘဲ အခုလို ပေးဆပ်ပြီး သင်ကြားပေးနေတာကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပြီး သင်ကြားပေးစေလိုကြောင်းလည်း ပြောဆိုသွားပါတယ်။

“ကျမတို့ ကလေးတွေက ဟိုပြေးဒီပြေးနဲ့ စာလည်းကောင်းကောင်းမသင်ရဘူးလေ။ စာဆို တအားသင်စေချင်တယ်။ ကျမတို့မိဘတွေက သင်စေချင်တာဘဲ သိတယ်။ မသင်ပေးတတ်ဘူး။ အခု ဆရာမတို့က သင်ပေးကြတယ်။ မိဘကို ကြည့်စရာလိုတဲ့လူလည်း ရှိတယ်။ ဒါပေမယ့် ကလေးတွေကိုဘဲ အချိန်ပေးပြီး သင်ပေးကြတယ်။ ကျေးဇူးတင်တယ်ဘဲ ပြောနိုင်တယ်။ ကျမတို့က စစ်ရှောင်ဆိုတော့ သူတို့ကိုလည်း ထောက်ပံ့ကြေးတွေ မပေးနိုင်ဘူးလေ။” လို့ ကျောင်းသားမိဘ တဦးက ပြောပါတယ်။

လက်ရှိမှာတော့ အမှတ် ၈ က ပညာရေးစေတနာ့ဝန်ထမ်းတွေ ၁၆ ဦးရှိနေပြီး တဦးမှာ အမျိုးသားဖြစ်ပြီး ကျန် ၁၅ ဦးမှာမှာတော့ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်ကနေ ၄၉ နှစ် ကြားအရွယ်ရှိနေတဲ့ စစ်ဘေးရှောင် စေတနာ့ဝန်ထမ်း တွေပဲဖြစ်ပါတယ်။

အမှတ် ၈ က စေတနာ့ဝန်ထမ်းတွေဟာ ပညာရေးဝန်ထမ်းနောက်ခံမဟုတ်တာကြောင့် ရှေ့လျှောက်ပိုမိုကောင်းမွန်တဲ့ သင်ကြားမှုတွေပေးနိုင်ဖို့ မွမ်းမံ သင်တန်းမျိုးကိုလည်း လိုချင်နေကြပါတယ်။

“နည်းစနစ်တွေနဲ့ ကလေးတွေကိုလည်း နည်းစနစ်တကျနဲ့ သင်ကြားပေးချင်တာ‌ပေါ့နော။ အဲ့ဒါကြောင့် ကိုယ့်နည်းနဲ့ကိုယ်ပေါ့နော။ ကိုယ့်နည်းနဲ့ကိုယ်သင်တဲ့အခါကျတော့ ကလေးတွေအတွက် မထိရောက်မှာလည်း စိုးရိမ်တယ်။” လို့ ဆရာမခင်သူဇာက သူမ မွမ်းမံသင်တန်းတက်ရောက်ချင်တဲ့ ရည်ရွယ်ချက်ကို ပြောသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆရာ၊ ဆရာမတွေရဲ့ လိုအပ်ချက်အရ စာသင်ကျောင်းမှာ ၇ တန်းအထိ ဖွင့်လှစ်သင်ကြားထားပြီး ဘာသာရပ်လေးခု ဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်ကို သင်ကြားပေးတာ ဖြစ်ပါတယ်။

စာသင်ဆောင်ဟာလည်း အခက်အခဲတွေ ရှိနေတာကြောင့် စာသင်တန်းကို ၇ တန်းအထိသာ ဖွင့်လှစ်နိုင်သေးတယ်လို့ စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ စာသင်ဆောင်တွေ ဆောက်လုပ်ဖို့ ဝါးတွေကို စစ်ဘေးရှောင်နေတဲ့ မိဘတွေက ခုတ်ယူဆောက်လုပ်နိုင်ပေမဲ့ အမိုးအကာအတွက် လိုအပ်ချက်တွေက မလုံလောက်နိုင်တာကြောင့် ၇ တန်းအထိသာ ဖွင့်လှစ်သင်ကြားနေကြတာဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ မယ်စဲ့မြို့နယ်အတွင်းက သက်ဆိုင်ရာ ပညာရေးအင်အားအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လာမယ့်စာသင်နှစ်တွေမှာ စာသင်ကျောင်း ဖွင့်လှစ်မှုပုံစံ၊ သင်ကြားမှုပုံစံတွေ အားလုံးတပြေးညီဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမဲ့အပြင် စေတနာ့ဝန်ထမ်းတွေကိုလည်း ဆရာအတတ်သင်မွမ်းမံသင်တန်းတွေကို သင်ကြားပို့ချသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

“ဒီမယ်စဲ့မြို့နယ်ထဲမှာဆိုရင် ကလလတ ပညာရေးကော်မတီ၊ နောက် မယ်စဲ့မြို့နယ်ပညာရေး ဘုတ်အဖွဲ့တို့၊ နောက် ဘာသာရေးအခြေပြု ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တွေရယ်၊ နောက် ပညာရေးဆိုင်ရာ အင်အားစုတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့မှ ပညာသင်ကြားရေးကိစ္စ ပညာသင်ကြားရေးကိစ္စလို့ ပြောတဲ့အခါ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ပြန်ပြီးတော့ မွမ်းမံပေးဖို့ ဆရာအတတ်သင်တန်းတွေ ပြန်လည်ဖွင့်လှစ်ပေးဖို့ ကိစ္စတွေ ပါမယ်။ ပြီးတော့ ကျောင်းတွေမှာလည်း သတ်မှတ်ချက်နဲ့ ပြည့်မီအောင် ဒီကျောင်းဖွင့်မဲ့ပုံစံတွေကိုလည်း တပြေးညီဖြစ်အောင် ညှိနှိုင်းမဲ့ကိစ္စတွေလည်းပါမဲ့အပြင် ကျောင်းသုံးဖတ်စာအုပ်တွေကို ထောက်ပံ့ပေးမဲ့အစီအစဉ်တွေကလည်း ရှိပါတယ်။” လို့ ခူးပလုရယ်က ပြောပါတယ်။

ကရင်နီကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စက်တင်ဘာလ စာရင်းအရ ကရင်နီပြည်မှာ ကိုယ်ထူကိုယ်ထကျောင်းတွေအပါအဝင် ကျောင်းပေါင်း ၄၀၀ ရှိပြီး စေတနာ့ဝန်ထမ်းတွေအပါအဝင် ကျောင်းဆရာ၊ ဆရာမပေါင်း သုံးထောင်ငါးရာနဲ့ ကျောင်းသားဦးရေ လေးသောင်းအထိ ရှိနေတယ်လို့ သိရပါတယ်။

မမိုးမိုးသန်းတို့ စေတနာ့ဝန်ထမ်းတစုကို ပညာရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုက လစဉ်ထောက်ပံ့ပေးနေတာ ရှိတယ်လို့ သူမက ပြောပြပါတယ်။ ကန့်သတ်ချက်အရ ဆရာ၊ ဆရာမ ၁၆ ဦးအတွက် အပြည့်အဝမရနိုင်ပေမဲ့ ရရှိတဲ့သူတွေထဲကနေ ခွဲဝေပြီး ၁၆ ဦးအတွက် ရရှိအောင် အချင်းချင်း ပြန်လည်မျှဝေသုံးစွဲတဲ့ စနစ်ကိုလည်း မမိုးမိုးသန်းတို့က လေးစားစရာကောင်းလောက်အောင်ဘဲ ဆောင်ရွက်နေကြပါတယ်။ ၁၆ ဦးထဲက ၁၁ ဦးစာကို အဖွဲ့အစည်းတခုက မြန်မာငွေ နှစ်သောင်းခွဲ ကို ငါးလစာအတွက် ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

“ဟုတ်တယ် အချင်းချင်းပြန်လည်မျှဝေတယ် မခွဲဘူးပြောရမှာပေါ့။ ဆရာမအင်အားများတော့ အစ ၁၁ ယောက်ဆိုတော့ ကျောင်းကြီးဘဲဖွင့်မှာပေါ့။ အခု ၁၆ ယောက်ဆိုတော့ မူကြိုဖွင့်လို့ရသေးတယ် ဆိုတဲ့စိတ်ကူးနဲ့ သူတို့ကို မူကြိုထပ်ဖွင့်ခိုင်းတာပေါ့နော့ အဲ့လိုနဲ့ဘဲအတူတူမျှမယ် မခွဲချင်ဘူးပေါ့နော။” လို့ မမိုးမိုးသန်းက သူမတို့ ရလာတဲ့ ထောက်ပံ့ကြေးတွေကို အချင်းချင်း ပြန်လည်ခွဲဝေသုံးစွဲကြပုံကို ပြောပြနေတာ ဖြစ်ပါတယ်။

မမိုးမိုးသန်း၊ မခင်သူဇာတို့လို စေတနာ့ဝန်ကို ထမ်းနေကြတဲ့ လူငယ်တွေ နွေဦးတော်လှန်ရေးမှာ မြောက်များစွာ ရှိနေပါတယ်။ တချို့မှာလည်း ထင်ပေါ်ကျော်ကြားလာသူတွေ ရှိသလို တချို့မှာလည်း မမိုးမိုးသန်းတို့လို အညတရတွေ ရှိနေတာပါ။ အညတရဖြစ်စေ၊ ထင်ပေါ်ကျော်ကြားနေသည်ဖြစ်စေ တော်လှန်ရေးရဲ့ တာဝန်တွေကို လူငယ်တွေက ကျရာကဏ္ဍမှာ ကျေပွန်စွာ ပခုံးထမ်းနေကြသလို စစ်အာဏာရှင်ချုပ်ငြိမ်းသွားသည်အထိ ဆက်လက်ထမ်းဆောင်သွားကြဦးမှာပါဘဲ…….။

spot_img
spot_img

Recent posts