spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“တော်လှန်ရေး မှာ ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်နိုင်ပြီလား”

Author

Date

Category

မော်ဦးမြာ (ကန္တာရဝတီတိုင်း(မ်))

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းကြောင်း ကြေညာလိုက်တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ရဲ့ လုပ်ရပ်ကို လက်သင့်မခံနိုင်ကြောင်း နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သူတွေထဲ အမျိုးသမီးတွေလည်း အသက်အရွယ်၊ အပိုင်းအခြားမရွေးဘဲ အင်တိုက်အားတိုက် ပါဝင်လာခဲ့ကြတာ ဒီကနေ့အချိန်ထိပါဘဲ။

ကဏ္ဍအသီးသီးမှာ အားတက်သရော ပါဝင်လာကြတဲ့ အမျိုးသမီးတွေအနေနဲ့ စိန်ခေါ်မှု၊ အခက်အခဲ တွေကိုလည်း ဒီကနေ့အထိ ရင်ဆိုင်နေကြရဆဲပါ။ ဒီလိုပါဝင်လာခြင်းရဲ့ နောက်ကွယ်မှာလည်း ပေးဆပ်ထားရတာတွေ များစွာရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်တော်လှန်ခြင်းကို နည်းမျိုးစုံသုံးပြီး လမ်းပေါ်ထွက်ဆန္ဒပြသူတွေထဲ မဇူးပဒုမ္မာလည်း အပါအဝင်ပါဘဲ။ သူမဟာ လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ လူထုတွေကို ဦးဆောင်တဲ့ သပိတ်ခေါင်းဆောင်တွေထဲက တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

အဲ့ဒီတုန်းက သူမဟာ အမျိုးသမီးများအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတဲ့ အမျိုးသမီးလူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ကရင်နီပြည် ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး – ၁ အဖြစ် ပါဝင်တာဝန်ထမ်းဆောင်ပြီး စစ်အာဏာရှင်ကို တော်လှန်နေသူပါ။

မဇူးပဒုမ္မာ ( ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ( အတွင်းရေးမှူး – ၁ ) )

မဇူးပဒုမ္မာသူမဟာ တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အသံကို ကိုယ်စားပြုပေးမယ့် အမျိုးသမီးခေါင်းဆောင်တွေရှိနေဖို့လိုတယ်လို့ ခံယူထားသူတစ်ဦးပါ။
လက်ရှိတော်လှန်ရေးမှာ ထိခိုက်နစ်နာသွားတဲ့ အမျိုးသမီးတွေရဲ့ အသံ၊ အမျိုးသမီးတွေအရေး ဆွေးနွေးပေးဖို့ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။

“ဒီအမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို အမျိုးသမီးတွေ လောက် သိနိုင်တဲ့လူက မရှိနိုင်ဘူးပေါ့နော။ ဆိုတော့ ဒါကြောင့်မို့လို့ အမျိုးသမီးခေါင်းဆောင်တွေက လိုအပ်ပြီ။ ဒီလိုအသံတွေကို ထုတ်ဖော်ပြောဆိုပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ကဏ္ဍပေါင်းစုံ စောနက ကျမပြောတဲ့ – အလွှာပေါင်းစုံ အသံကို သယ်ပေး၊ ဆွေးနွေးဆုံးဖြတ်ပေးမဲ့ လူက ဒီ Platform ပေါ်မှာ မပါသရွေ့ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကျမတို့ လိုချင်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု၊ ဒီငြိမ်းချမ်းပြီး တရားမျှတဲ့ ဟန်ချက်ညီတဲ့ လူ့အသိုင်းအဝိုင်းက ရနိုင်မယ်လို့ ကျမ အနေနဲ့ မထင်ဘူး။” လို့ တော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှု အားနည်းနေတာနဲ့ ပါတ်သက်ပြီး မဇူးပဒုမ္မာ ကပြောပါတယ်။

လက်ရှိတော်လှန်ရေးမှာလည်း အာဏာရှင်တွေနဲ့အတူ ဖိုဝါဒကြီးစိုးမှုတွေ ပပျောက်ဖို့ကို တပြိုင်နက်တည်း ဆောင်ရွက်သွားဖို့ လိုတယ်လို့ သူမက ဆိုပါတယ်။ တော်လှန်ရေး အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းဟာ ကဏ္ဍပေါင်းစုံ ရှိနေတာဖြစ်ပြီး မြေပြင်မှာ ပါဝင်မှုကတော့ အများဆုံးဖြစ်ပါတယ်။

ဒါပေမယ့် ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်ထိပါဝင်နေတဲ့ အမျိုးသမီးခေါင်းတွေရဲ့ ပါဝင်မှုဟာ နည်းပါးနေသေးတယ်လို့ IEC ရဲ့ အတွင်းရေးမှူး – ၁ မဇူးပဒုမ္မာက ပြောပါတယ်။

“NUG ကိုလည်း ကြည့်မလား၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုဘဲ ကြည့်ကြည့်ပေါ့။ ပြီးတော့ တခြားကိုကြည့်ကြည့်ပေါ့ ပါဝင်လာတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် ချတဲ့ level (အဆင့်) မှာ ပါဝင်နေလားဆိုလို့ရှိရင်တော့ စောနက ကျမပြောတဲ့ ရာခိုင်နှုန်းအားဖြင့်တော့ နည်းနေသေးတယ်။” လို့ မဇူးပဒုမ္မာက အမျိုးသမီးတွေရဲ့ ပါဝင်လာနိုင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ရေးအပိုင်းမှာ ဆိုရင်လည်း အမျိုးသမီးတွေတက်ကြွစွာပါဝင်နေတာကို တွေ့ရပေမဲ့ ဦးဆောင်မှု အပိုင်းနဲ့ ဆုံးဖြတ်ချက်ချက်နိုင်တဲ့ အပိုင်းမှာ အမျိုးသမီးတွေနေရာ ရရှိမှု အားနည်းနေပါသေးတယ်။

ဥပမာအားဖြင့် နှစ်ပေါင်း ၇၀ ကျော် တော်လှန်ရေး ခရီးနှင်ခဲ့ပြီးတဲ့ ကရင်နီတပ်မတော် KA မှာ တပ်ပိုင်းဆိုင်ရာ မှာ အမျိုးသမီးခေါင်းဆောင်တွေကိုမတွေ့ရပါဘူး။ ပါတီဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှာတော့ အမျိုးသမီးပါဝင်မှုတွေရှိပေမဲ့ KNPP ကနေဖွဲ့ထားတဲ့ အစိုးရအဖွဲ့ အဖြစ်ရှိနေတဲ့ ကရင်နီပြည်အစိုးရ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်စာရင်းမှာ အမျိုးသမီးတွေမပါဝင်ပါဘူး။

( ကရင်နီအမျိုးသမီးအစည်းအရုံး KNWO အတွင်းရေးမှူး – ၂ )

တပ်ပိုင်းဆိုင်ရာမှာ အမျိုးသမီးတွေ ပါဝင် နေမှုနဲ့ ပါတ်သက်ပြီးကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်ကို မေးမြန်းကြည့်တဲ့ အခါ တပ်ပိုင်းဆိုင်ရာအနေနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံထားတာ မရှိဘဲ အမျိုးသားရေးအတွက် စိတ်အားထက်သန်ပြီး အရည်အချင်းတွေ ရှိတဲ့ အမျိုးသမီးတွေကို အမြဲတမ်း ကြိုဆိုကြောင်းကို ပြောပါတယ်။

“အရည်အချင်းပြည့်ရင်လည်း ကျနော်တို့က တပ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ တပ်မှူး ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးတွေလည်း ကျနော်တို့ လျာထားတယ်လေနော။ အဲ့ဒါတွေ ရှိပါတယ်။” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

စစ်ရေး၊ ထောက်ပို့ ၊ ကျန်းမာရေး ၊ ပညာရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးတွေတက်ကြွစွာပါဝင်နေကြပြီး ထင်ပေါ်တဲ့ အမျိုးသမီးတွေ ရှိသလို ကန်လန့်ကာနောက်ကွယ်ကနေ လူမသိ၊ လူမသိပေမယ့် ဘဝတူအချင်းချင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း တော်လှန်ရေးကို ပါဝင်နေကြတဲ့ အညတရ အမျိုးသမီးတွေလည်း များစွာရှိနေပါတယ်။

ကရင်နီအမျိုသမီးအစည်းအရုံး KNWO ရဲ့ အတွင်းရေးမှူး မော်ဖရေမြာ ကလည်း အမျိုးသမီးတွေဟာ တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေသူတစ်ဦးပါ။ အမျိုးသမီးအရေး၊ စစ်ရှောင်ပြည်သူတွေအရေးကို တက်ကြွစွာ လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ လည်း တော်လှန်ရေးမှာ အမျိုးသမီးတွေအတွက် နေရာပေးမှု တွေက မလုံလောက်သေးဘူးလို့သူက ခံယူထားပါတယ်။ လက်ရှိမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချနိုင်တဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်လာမှုရဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်ကာ ဖြေရှင်းဖို့လည်း လိုအပ်တယ်လို့ သူမက ပြောပါတယ်။
“ကိုယ်ပါရင် ကိုယ့်ဟာကိုယ် တာဝန်ယူလို့ အမျိုးသားတွေလို သွားပြောလို့မရဘူး။” လို့မော်ဖရေမြာကပြောပါတယ်။

အမျိုးသား နဲ့ အမျိုးသမီးတွေယှဉ်လာရင် အမျိုးသမီးတွေဟာ အမြဲလိုလို အိမ်တွင်းမှု ကိစ္စနဲ့ လုံးပန်းနေရတာကြောင့် အမျိုးသားတွေနဲ့ တန်းတူ ပါဝင်လုပ်ဆောင်မှုတွေမှာ ကြန့်ကြာနေတတ်တယ်လို့ မော်ဖရေမြာကပြောပါတယ်။
ဒါကြောင့် အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ အတွက် အမျိုးသမီးပါဝင်မှုကို အာမခံပေးနိုင်တဲ့ မူပေါ်လစီတွေနဲ့ အထောက်အပံ့တွေကို ချမှတ်ထားပေးဖို့ လိုအပ်တယ်လို့ မော်ဖရေမြာကပြောပါတယ်။

“တကယ်တမ်း ပါဝင်မှုလို့ ပြောတဲ့နေရာမှာ အဖွဲ့အစည်းတွေမှာ ပါဝင်ရုံနဲ့ မူကိုချတာမျိုးမဟုတ်ပဲနဲ့ နောက်ဆက်တွဲ ပါဝင်မှု ရဲ့ လိုအပ်ချက်၊ ပံ့ပိုးမှု အစီအမံ တွေနဲ့ ထပ်ပြီးတော့မှ အမျိုးသမီးအတွက် အာမခံ ချက်ရှိတဲ့ အနေအထားတစ်ခုလုပ်ပေးနိုင်ပြီဆိုရင်တော့ အမျိုးသမီးတွေက မတူကွဲပြားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာရမှာကို မကျန့်ကြာဘူးပေါ့နော။” လို့ မော်ဖရေမြာကပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုက်ပွဲဝင်နေတဲ့ KNDF ရဲမေတစ်ဦီး

တဖက်မှာလည်း ခေတ်အဆက်ဆက် ရှေးရိုးဓလေ့ထုံးတမ်း အစဉ်အလာ၊ ဘာသာရေး အဆိုအမိန့်တွေ၊ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ ဥပဒေနဲ့ နိုင်ငံရေးစနစ်တွေက အမျိုးသမီးတွေကို ထိပ်ပိုင်းဖြစ်တဲ့ ဆုံးဖြတ်ချက်ချတဲ့ ဦးဆောင်မှုအခန်းကဏ္ဍလို နေရာတွေမှာ ပါဝင်နိုင်ဖို့ ကြီးမားတဲ့ အဟန့်အတားဖြစ်တယ်လို့ မဇူးပဒုမ္မာ က သုံးသပ်ပြောဆိုထားပါတယ်။

ဒီတော်လှန်ရေးဟာ စစ်ကောင်စီ ကျရှုံးရေးတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ စနစ်တစ်ခုလုံးကို ပြောင်းလဲနိုင်ဖို့အပြင် ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ကျား – မ တန်းတူညီမျှရေးဟာလည်း အရေးကြီးလှတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့လည်း ဌာနဆိုင်ရာ ၇ ခုကို ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အမျိုးသမီးတွေ ပါဝင်လာအောင် ကြိုးပမ်းနေသလို ဆက်လက်ဖွဲ့စည်းသွားမဲ့ ဌာနတွေမှာလည်း ဆက်လက်ခန့်အပ်သွားမှာ ဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်ကြဖို့ကို အတွင်းရေးမှူး – ၁ ဖြစ်တဲ့ မဇူးပဒုမ္မာ က တိုက်တွန်းပြောဆိုထားပါတယ်။။

spot_img
spot_img

Recent posts