spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထပ်တိုးလာတဲ့ ကရင်နီစစ်ရှောင်လူထုအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လက ဒေသတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီစစ်ရှောင်လူထု ထောင်နဲ့ချီပြီး တိုးလာတဲ့အတွက် လတ်တလောမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။

ဇွန်လအတွင်းက ထွက်ပြေးတိမ်းရှောင်ရတဲ့ မယ်စဲ့၊ ရွာသစ်၊ ဖားဆောင်းမြို့နယ်အတွင်းက စစ်ရှောင်လူထုတွေနဲ့ လတ်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ ယာဒိုကျေးရွာဖက်က စစ်ရှောင်လူထုတွေအတွက် အဓိကလိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်လူထုတွေဟာ တောတောင်ထဲ နေထိုင်ကြရဆဲဖြစ်ပြီး နေရာထိုင်ခင်းအဆင်မပြေသလို မိုးရာသီကာလဖြစ်တဲ့အတွက် မိုးကာ နဲ့ စားနပ်ရိက္ခာ အထူးလိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အဖွဲ့ဝင် ဦးဗညားက ပြောပါတယ်။

“ရွာသစ်စစ်ရှောင်အုပ်စုရယ်၊ ယာဒိုကနေ စစ်ရှောင်အုပ်စုရယ် ဖားဆောင်း၊ မယ်စဲ့ တောက်လျှောက် အုပ်စုကတော့ အမိုးအကာအပြင် နောက်ထပ် တကယ်လိုအပ်တာက စားနပ်ရိက္ခာပဲ။ ဘာဖြစ်လို့လဲဆိုရင် အဲ့နားတခွင်က ကြည့်လိုက်ရင်တော့ ကရင်နီပြည်နယ်ရဲ့ အစွန်အဖျားတချို့ပါတယ်။ တချို့က လူသူတခါမှ သွားဖူးတဲ့ နေရာမပါဘူး။ ရွာသစ်ဖက်ဆိုရင် လူသူအသွားနည်းတယ်။ နောက် အခုရှောင်တဲ့နေရာက တကယ့်ကို တောထဲတောင်ထဲ ချောင်းထဲ၊မြောင်းထဲဖြစ်တော့ စားနပ်ရိက္ခာက ဘယ်လိုမှရှိမှာမဟုတ်ဘူးပေါ့။ ပိုက်ဆံရှိရင်တောင်မှ ရှာဝယ်လို့မရဘူးပေါ့နော။ လမ်းကြောင်းကလည်းမပေါက်ဘူးပေါ့။ တကယ့်ကို ခက်ခက်ခဲခဲ သွားလာရတဲ့အတွက်ကြောင့် သူတို့ရဲ့လိုအပ်ချက်က‌တော့ စားနပ်ရိက္ခာ၊ အမိုးအကာ အရမ်းကိုလိုအပ်တယ်။” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံနယ်စပ်ရောက် ကရင်နီစစ်ရှောင်ကူညီသူတွေကနေပြီး စစ်ရှောင်လူထုတွေအတွက် မိုးကာကမ်ပိန်းကို ပြုလုပ်ပေးနေပါတယ်။ အဆိုပါမိုးကာကမ်ပိန်းမှာ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ပေးထားသော Facebook Link (https://www.facebook.com/profile.php?id=100093718110750) ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အသိပေးထားပါတယ်။

“မြေပြင်မှာက တကယ်ကို လိုအပ်နေတာပါ။ ရုတ်တရက် ထ ပြေးလိုက်ရတဲ့ မိသားစုတွေက အများကြီးပဲ။ မိုးကာပေါ့ အထူးသဖြင့်က နေရာအတည်တကျမရှိသေးရင်တောင် နေထိုင်ဖို့က မိုးကာလိုတယ်။ စားနပ်ရိက္ခာလည်း လိုတယ် ရေရှည်အတွက်ဆို။ တိုက်ပွဲတွေကလည်း မငြိမ်သေးတော့ စစ်ရှောင်လူထုတွေအတွက် လိုအပ်ချက်တွေကတော့ ရှိနေအုံးမှာပဲ။ ထောက်ပံ့ပေးကူကြဖို့ကိုလည်း တောင်းဆိုလိုပါတယ်။”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လကစပြီး ကရင်နီပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းနိုင်ငံဖက်ခြမ်းကို လူဦးရေ ၉၀၀၀ ကျော် ရောက်ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက် ဒေသတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် လက်ရှိမှာ ကရင်နီပြည်နယ်နဲ့ ရှမ်း- ကရင်နီနယ်စပ်က ဒေသခံလူထု ၂ သိန်း ၇ သောင်းဝန်းကျင်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts