spot_imgspot_imgspot_imgspot_img
Wednesday, June 19, 2024
spot_imgspot_imgspot_imgspot_img

ထိန်းကွပ်မှုမရှိတဲ့ကြားကာလ မြေယာစီမံခန့်ခွဲမှုတွေဟာ တိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုတွေကို ခြိမ်းခြောက်နေသလား။

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ဟာ အာဏာမသိမ်းခင်ကာလမှာ လူဦးရေ ၈ သောင်းဝန်းကျင်သာ ရှိနေပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ လူဦးရေ ၁သိန်းကျော်ထိရှိလာတယ်လို့ လူမှု အသင်းအဖွဲ့ တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီလို တိုးလာတာကတော့ တခြားမြို့နယ် နဲ့ ပြည်နယ်တွေကနေ လာရောက် စစ်ရှောင်နေကြသူတွေ ကြောင့် ဖြစ်နိုင်ပါတယ်။

တစ်နိုင်ငံလုံးနီးပါး စစ်ရှောင်ကာလ ၃ နှစ်အတွင်းမှာ နေရပ်မပြန်နိုင်ကြသေးဘဲ နယ်မြေသစ်တွေမှာ နေထိုင်ကြရပါတယ်။ စစ်ရှောင်ကာလတွေ ကြာမြှင့်လာတဲ့အလျောက် နေရာသစ်မှာ ဝမ်းရေးအတွက် အသက်ဆက်ဖို့ကြိုးစားရသလို နေရပ်ပြန်ရနိုင်တဲ့ ဖြစ်နိုင်ခြေက အလှမ်းဝေးနေဆဲမို့ ရှိနေတဲ့ နေရာမှာ စီးပွားရေးအရကော၊ လူမှုရေးအရပါ အခြေကျဖို့ ရုန်းကန်ကြရပါတယ်။

“ စစ်ရှောင်တာ အမျိုးတွေအိမ်မှာ နေတာကြာလာတော့ အားနာတာလည်းပါသလို ကိုယ်ပိုင်နေရာလေးနဲ့ဆိုရင် ဘယ်သူမျက်နှာမှ ကြည့်နေစရာမလိုဘူးဆိုတဲ့ အချက်တွေကြောင့် ဝယ်ဖြစ်တာပါ” လို့ ပြောလာသူကတော့ ဒီးမော့ဆိုမြိုနယ် ဒေသခံတစ်ဦးပါ။

သူကတော့ ဒီးမော့ဆိုမြို့ခံဆိုပေမဲ့ အခုစစ်ရှောင်နေတဲ့ နေရာက ဒေသခံမဟုတ်ပါဘူး။ သူရဲ့ နေရင်း ဒေသက တိုက်ပွဲတွေကြောင့် အိမ်ပြန်လို့ မရသေးတာကြောင့် မိသားစုနဲ့ အတူနေထိုင်ဖို့ စစ်ရှောင်နေတဲ့ နေရာမှာ ကိုယ်ပိုင်အိမ်၊ နဲ့ ခြံရဖို့ ကြိုးစားနေတာပါ။

အာဏာသိမ်းပြီး ၃နှစ်အတွင်းမှာ သူနေထိုင်နေတဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာတော့ မိသားစု အတည်တကျနေထိုင်ဖို့ ဖြစ်စေ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ဖြစ်စေ မြေကွက်တွေရဖို့ ကြိုးစားလာသူတွေ များတာကို တွေ့ရပါတယ်။

ခြံမြေတွေရောင်းတာ၊ ဝယ်တာတွေအပြင်၊ မြေကွက်တွေ အငှားလိုက်တာတွေလည်း များလာပါတယ်။ ဒါ့အပြင် ခြံကွက်ရိုက် ရောင်းဝယ်မှုကလည်း များလာသလို ဝယ်ယူသူတွေလည်း အပြိုင်အဆိုင် အလုအယက် ဖြစ်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အကြောင်းကတော့ စီးပွားရေးအခွင့်အလမ်း အလွန်အင်မတန် နည်းပါးနေတဲ့ ကာလဖြစ်နေတာကြောင့် ဒေသခံတွေက အသစ်လာရောက်နေထိုင်တဲ့ စစ်ရှောင်တွေ ကို ခြံရောင်းချခြင်းတွေ၊ အိမ်ကွက်နဲ့ မြေကွက် ငှားချ ခြင်းအားဖြင့် ဝင်ငွေ ရှာနေရတာဖြစ်ပါတယ်။

အိမ်ခြံမြေရောင်းချရာမှာတော့ ယခင်အစိုးရအဆက်ဆက်လက်ထက်က မြေဂရမ်ပေါက်ထားတဲ့ မြေကွက်တွေရောင်းချမှုကို မည်သူတစ်ဦးတစ်ယောက်ကမှ တားဆီးပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ အခုလိုမြေကွက် လွတ်လွတ်လပ်လပ် ရောင်းဝယ်လာကြခြင်းဟာ လူမျိုးစုတစ်ခုရဲ့ မျိုးနွယ်စုပိုင်မြေကို ရောင်းချတာပဲဖြစ်လို့ နောင်တစ်ချိန်မှာ မျိုးနွယ်စုနဲ့ ဝယ်ယူသူကြား ပဋိပက္ခ ဖြစ်လာနိုင်ချေရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး- ၂ ဦးဗညားကပြောပါတယ်။

“မြေဆိုတဲ့ မျိုးကလေ ကျနော်တို့ရဲ့ ဘိုးဘွားပိုင်တွေဖြစ်တယ်။ ကျနော်တို့ ပြည်နယ်သူ၊ပြည်နယ်သားအတွက်က အက္ခရာအကျဆုံးအရာဘာလဲလို့ ပြောရင်တော့ မြေပဲဖြစ်ပါတယ်။ အဲဒီ မြေပေါ်မှာစီမံခန့်ခွဲမှု လွှဲမှားရင်တော့ ဒေသတစ်ခုလုံးအတွက်ဖြစ်စေ အဲဒီ မျိုးနွယ်စု ကျေးရွာတွေအတွက်ပါ နောက်ဆုံးအနေနဲ့ ကျ‌နော်တို့ ပြည်နယ်တွေအထိပါ အခက်အခဲတွေ စိန်ခေါ်မှုတွေ ပဋိပက္ခတွေ ဖြစ်ထွန်းစေနိုင်တယ်လို့ မြင်မိပါတယ်‌။ အဲဒီ အတွက်လည်း စိုးရိမ်မိပါတယ် ” လို့ IEC အတွင်းရေးမှူး- ၂ ဦးဗညားက ပြောပါတယ်။

လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် လွိုင်ကော်‌ဒေသခံတွေက ဒီးမော့ဆို အနောက်ဖက်ခြမ်းကို စစ်ရှောင်ခဲ့ကြရပြီး အဲ့ဒီနောက်ပိုင်းကစပြီး အိမ်ငှားရမ်းမှု၊ ခြံကွက် ငှားရမ်းမှုနှုန်း တစ်ဟုန်တိုး မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

ထို့အတူပဲ ခြံကွက်ရိုက် ရောင်းချနှုန်းကလည်း ဝယ်ယူသူများလာတဲ့အလျောက် ပိုမို များပြားလာနေပါတယ်။ မြေယာ၊ ခြံကွက် ဝယ်ယူသူအများစုကတော့ ဒီးမော့ဆိုမြိုနယ် ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့တခြားသော တိုင်းနဲ့ပြည်နယ်ကနေ ကရင်နီပြည်တွင်း ဝင်ရောက်လာသူတစ်ချို့ ၊ လွိုင်ကော်ကနေ ရောက်လာတဲ့ စစ်ဘေးရှောင် တစ်ချို့ကလည်း ဝယ်ယူတာရှိနေပါတယ်။

ဒေသခံတွေက မြေနေရာ ငှားရမ်းပေးတာကတော့ ပြဿာနာတစ်စုံတစ်ရာ အတွက် စိုးရိမ်စရာမလိုပေမဲ့ အခုလိုပြည်နယ်အတွင်း အုပ်ချုပ်ရေး ယန္တရားလည်း အတည်တကျ မဖွဲ့စည်းနိုင်သေးတဲ့ ကြားကာလ အခြေနေမှာ ပွဲစားကတစ်ဆင့် မြေတွေကို အကွက်ရိုက် ရောင်းချတာတွေဟာ ပြဿာနာရှိလာနိုင်တာကြောင့် စိုးရိမ်နေရတယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ဆက် ပြောပါတယ်။

“ ကျနော်တို့က ပိုပြီးတော့ စိုးရိမ်တာက ကြားပွဲစားတစ်ချို့ကနေ အလွယ်တကူ မြေကောင်းတွေရနိုင်တယ်။ နေရာရနိုင်တယ် ဆိုတဲ့လောဘတွေနဲ့ လုပ်လာမှာပဲ ကြောက်တယ်ပေါ့နော။ အဲဒီဟာက ပွဲစားကနေတစ်ဆင့်သွားတဲ့ဟာတွေရှိတယ်။ တစ်ချို့ သူတို့ ကိုယ်တိုင်ရောင်းတာရှိတယ်။ တစ်ချို့ကလည်း မြေမရှင်းတဲ့အပေါ်မှာ ရသလောက်ဝယ်လိုက်မယ်။ ပိုက်ဆံနဲနဲရှိတုန်းဆိုတဲ့ တစ်ချို့လူလည်း ဖြစ်နိုင်ချေရှိလို့ တစ်ချို့ လုပ်ငန်းရှင်တွေလည်း ဖြစ်နိုင်တယ်ပေါ့နော။ အဲဒီဟာက ကျနော်တို့ စိုးရိမ်တာက တစ်ချိန်ကျ‌ရင်တော့ သေချာပေါက်ကတော့ ပြဿာနာ တက်တက်နိုင်တယ်ဆိုတာတော့ ကျနော်မြင်ထားမိတာပဲ ” လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

တချို့ကျေးရွာတွေကတော့ မြေယာစီမံခန့်ခွဲမှု စနစ်တကျရှိနေပါတယ်။ လာရောက်ခိုလှုံတဲ့ စစ်ရှောင်တွေကို ခြံကွက်တွေ အငှားချပေးတာမျိုးသာရှိပြီး ရောင်းချတာတွေကို ကန့်သတ်ထားတာတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ရောင်းချတာ၊ မြေကွက်အသစ်တွေဖော်ပြီး အကွက်ရိုက်ရောင်းချတာတွေ ရှိနေတာပါ။

တဖက်မှာလည်း မြန်မာကျပ်ငွေတန်ဖိုးကျလာပြီး ငွေကြေးဖောင်းပွလာတာကြောင့်လည်း ကျပ်ငွေလက်ဝယ် ကိုင်ဆောင်သူတွေနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေသူတွေဟာ မြေကွက်ဝယ်ယူပြီး ရင်းနှီးထားတာတွေ ပိုများလာတာကိုလည်း တွေ့ရပါတယ်။

ခြံ၊ မြေဝယ်စုတာက ကျပ်ငွေကိုင်ဆောင်ထားကြတဲ့ သူတွေအတွက် ကြီးမားတဲ့ ငွေကြေး စုဆောင်းမှုတစ်ခု ဖြစ်လာတယ်လို့ ဒီး‌မော့ဆိုမြို့နယ်တွင်းရှိ ဒေသခံတွေက ဆိုပါတယ်။

“ဒီအချိန်ကလည်း ငွေစျေး (နိုင်ငံခြားငွေ) တက်နေတဲ့ အချိန်ဆိုတော့ မြေတွေပဲ ဝယ်စုကြတယ်။ အစ်မ ဆီမှာဝယ်တဲ့ သူအားလုံးက အများအားဖြင့် ဒီးမော့ဆို ဒေသခံတွေများတယ်ပေါ့နော။ တစ်ချို့ကတော့ လွိုင်ကော်တွေရှိတယ်။ အဲလိုမျိုးတွေ ပိုများတယ်ပေါ့” လို့ ခြံမြေရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

ခြံကွက်ရောင်းရာမှာလည်း ခြံကွက်ရဲ့ ရာဇဝင်ကို ဂဃနဏ လေ့လာစုံစမ်းပြီး အရှုပ်အရှင်းကင်းကြောင်း သေချာမှသာလျှင် ခြံကိုဝယ်ယူပြီး ပြန်လည် အကွက်ရိုက် ရောင်းချတာဖြစ်တယ်လို့ မြေယာရောင်းဝယ် နေသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“ ခြံရာဇဝင်အရင်လိုက်ရတယ်ပေါ့နော။ တစ်ဦးပိုင်မြေလား အများပိုင်မြေလားပေါ့။ ပြီးလို့ ရှိရင် အရင်တုန်းက သူတို့လုပ်ထားတဲ့ ၁၀၅ ပုံစံမူရင်းရှိသေးလား။ ပုံစံ ၇ ဆိုလည်း ပုံစံ ၇ မူရင်းတွေ ရှိသေးလား အဲ့လိုမျိုးပေါ့နော။ အဲ့လိုရှိတဲ့ခြံကိုပဲ ကျမတို့က လိုက်ဝယ်တာဖြစ်တဲ့ အတွက် စိတ်ချရတယ်ပေါ့နော” လို့ သူက ပြောပါတယ်။

ပုံစံ ၇ မူရင်း၊ ၁၀၅ ပုံစံ မူရင်း ရှိမှသာ မြေကွက် ဝယ်ယူပြီး တစ်ဖန် ကွက်ရိုက်ရောင်းချတာဖြစ်လို့ နောင်တစ်ချိန် ပြဿာနာအရေး ပူပန်စရာမလိုဘူးလို့ မြေယာရာင်းဝယ်နေသူ တစ်ဦးက ဆိုပါတယ်။

တဖက်မှာလည်း ဒီလို မြေယာရောင်းချမှုတွေဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ ထုံးတမ်းဓလေ့အရ မြေယာစီမံခန့်ခွဲမှု အပေါ် ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ လယ်ယာမြေအရေးဆောင်ရွက်နေတဲ့ တစ်ဖွဲ့ဖြစ်တဲ့ Kayah Earthright Action Network ရဲ့တာဝန်ခံ စောအယ်စေးကပြောပါတယ်။

“ဒီကြားကာလမှာ တင်းတင်းကြပ်ကြပ်လုပ်ဖို့လည်း ခက်တဲ့နေရာလည်းရှိလိမ့်မယ်။ ဆိုတော့ အဓိက ဒေသခံတွေကြားမှာ အားကောင်းဖို့လိုတယ်။ ဒီလိုမြေယာထုတ်ရောင်းတာကို အဲလို မစဉ်းစားဘဲနဲ့ အခြားနည်းနဲ့ မြေကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ ပေါ့နော။ ဒီမြေကိုငှားမလား၊ အဲ့လိုပုံစံမျိုးနဲ့ သူတို့ကြားမှာ အမြင်တွေရှိဖို့လိုမယ်။” လို့ Kayah Earthright Action Network ရဲ့ တာဝန်ခံ စောအယ်စေးက ပြောပါတယ်။

လက်ရှိကြားကာလမှာ မြေယာပြဿနာကိုမဖြေရှင်းနိုင်ရင် အနာဂတ်မှာ အကျိုးသက်ရောက်မှု ကြီးမားလာနိုင်တယ်လို့လည်း ကရင်နီပြည်မြေမူဝါဒရေးဆွဲရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုဖြေဆိုခဲ့ဖူးပါတယ်။

လက်ရှိကြားကာလအစိုးရ အဖြစ်ရှိနေတဲ့ IEC အနေနဲ့ နိုင်ငံရေးအရ ဒေသခံ တွေရဲ့ မြေယာတွေကို ထိန်းသိမ်းပေးနိုင်မယ့် ယန္တာရား တခုကို ဖော်ဆောင်ထားပေးဖို့ လိုအပ်နေတယ်လို့ လည်း စောအယ်စေး က ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ မြေယာဆိုင်ရာ ပဋိပက္ခ က အမြဲတမ်း အကြောင်းအမျိုးမျိုးကြောင့် ရှိနေပြီး မည်သည့်အခါမှ ချုပ်ငြိမ်းမှု မရှိခဲ့တာကြောင့် အစိုးရယန္တရား အတည်တကျ လည်ပတ်မှု မရှိသေးတဲ့ အခုလိုကာလမှာ မြေယာရောင်းချတာနဲ့ ဝယ်ယူတာတွေ မပြု ကြဖို့ IECအတွင်းရေးမှူး ၂ ဦးဗညားက တိုက်တွန်းနိုးဆော်ထားပါတယ်။

“ဒီအရင့် အရင်ခေတ်ကတည်းက ဒီမြေယာပြဿာနာက အမြဲတမ်း ရှိခဲ့တယ်လေနော။ တပ်နဲ့ လူထုနဲ့ ရှိနိုင်တယ်။ အစိုးရဌာနဲ့လူထုတွေနဲ့ ရှိနိုင်တယ်။ လူထုအချင်းချင်းကြားမှာ ရှိနိုင်တယ်။ ရွာတွေ အချင်းချင်းကြားမှာရှိနိုင်တယ်။ အဲ့ဒါကို IECကနေပြီးတော့ ရှင်းရှင်းပြောရရင် ဘာမှကို မလုပ်နိုင်သေးဘူးပေါ့နော။ သေချာတာတစ်ခုကတော့ IEC မကဘူး အသွင်ကူးပြောင်းရေး အစိုးရတင်မဟုတ်ဘူး တစ်ကယ့်ကို ပြန်လည်ထူထောင်ရေးကာလထိ အစိုးရအဆက်ဆက်က အဲဒီဟာကိုဖြေရှင်းနေရမှာပဲ။ အဲကြောင့်မို့ ကျနော်တို့ အနေနဲ့က‌တော့ စိုးရိမ်မှုရှိတယ်ဆိုတာကို ပြောချင်တယ်။ အရမ်းကန်ရော မဝယ်ကြဖို့ပေါ့နော။ အရမ်းကန်ရော လျှောက် မရောင်းကြဖို့ အတွက်ပေါ့နော” လို့ IECအတွင်းရေးမှူး ၂ ဦးဗညားက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ကရင်နီပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေကနေ မြေယာမူဝါဒ ရေးဆွဲနေတာရှိပြီး မူဝါဒကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က အတည်ပြုပြီးနောက်ပိုင်း ဥပဒေတစ်ရပ်အနေနဲ့ သုံးနိုင်မှသာ IEC က မြေယာစီမံခန့်ခွဲမှု လုပ်ဆောင်တဲ့အခါ ပိုလွယ်ကူလာလိမ့်မယ်လို့ ဦးဗညားက ပြောပါတယ်။

spot_img
spot_img