spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနယ်စပ်မှာ ယာယီခိုလှုံနေတဲ့ ကလေးတွေ ပညာရေးအဆက်မပြတ်အောင် လေ့လာသင်ယူရေး ဆုံရပ် တစ်ခု ဖွင့်လှစ်မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံနယ်စပ်မှာ ယာယီခိုလှုံနေတဲ့ ဒေါနိုးကူးစစ်ဘေးရှောင်စခန်းက စစ်ရှောင်ကလေးတွေအတွက် ပညာရေးအဆက်မပြတ်အောင် လေ့လာသင်ယူရေးဆုံရပ် (learning centre) တစ်ခုဖွင့်လှစ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောပါတယ်။

“ မြန်နိုင်သလောက် မြန်အောင်တော့ ကြိုးစားနေတယ်။ သို့ပေမယ့် လူဦးရေက တစ်ထောင့်နှစ်ရာကျော်ကျော်ရှိတယ်လေ ကျောင်းသား အားလုံးက။ သူငယ်တန်းကနေ ဆယ်တန်းအထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ဟာကတော့ အာဏာပိုင်ရဲ့ စည်းဝေးဆုံးဖြတ်ချက်ကို စောင့် နေသေးတယ်။ သို့ပေမယ့်လည်း ကလေးတွေ စိတ်လေလွင့်မှုမရှိအောင် ကြိုးစားနေတယ်။ အရင်ဆုံးဖွင့်ဖြစ်မှာက အတန်းငယ်အပိုင်းတွေ အရင်ဆုံးဖြစ်မယ်။“ လို့ ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောပါတယ်။

ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှာဆိုရင် မူလတန်းကနေ အထက်တန်း နဲ့ ကောလိပ် အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၄၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ ဘော်ဒါဆောင်တွေမှာ နေတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ယာယီအဆောင်နဲ့ နေထိုင်နေကြရပြီး လိုအပ်ချက်တွေလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖွင့်လှစ်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ လေ့လာသင်ယူရေးဆုံရပ် (learning centre) မှာ အတန်းငယ်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် စိတ်ဒဏ်ရာတွေကို ကုစားတဲ့ အစီအစဉ်တွေကို ပါရှိမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံ မှာယာယီခိုလှုံနေရတဲ့ အနေအထားဖြစ်တာကြောင့် အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းခံနေဆဲတဲ့ အနေအထားဖြစ်ပြီး မကြာခင်ကာလအတွင်း အကောင်ထည်ဖော်သွားမှာဖြစ်တယ်လို့ ဦးဘူးရယ် ကပြောပါတယ်။

“ စိတ်မကောင်းတာတစ်ခုက ဒီ ဒေါနိုးကူးမှာ ကျောင်းတက်နေတဲ့ကလေးတွေက ဘယ်တော့ သူတို့ရဲ့ စခန်းဟောင်းကို ပြန်သွားမယ်ဆိုတဲ့ဟာတော့ မသေချာဘူးပေါ့နော။ အဲဒါကလည်း ဒီထိုင်းနိုင်ငံမှာ မှီခိုနေရတဲ့ အတွက် ထိုင်းနိုင်ငံရဲ့ ပေါ်လစီနဲ့လည်း အများကြီးဆိုင်တာပေါ့လေ။ သို့ပေမယ့်လည်း အခုချိတ်ဆက်ဆောင်ရွက်နေတာရှိတယ်။ အမြဲတမ်းထိုင်း အာဏာပိုင် အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တိုင်ပင်နေတာရှိတယ်။ တစ်ခုခု ထူးခြားတယ်ဆိုရင်တော့ အခြေနေတမျိုးတော့ ပြောင်းလဲသွားနိုင်တာပေါ့။ နံပါတ်တစ်ကတော့ ကလေးတွေရဲ့ အသက်အန္တာရယ်ဘေးကင်းလုံခြုံဖို့အတွက် နံပါတ်တစ်ဦးစားပေးဖြစ်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ ပညာရေးနှောက်နှေးမသွားအောင် ပညာရေးရဲ့ လုံခြုံမှုဆိုတာလည်း ကျနော်တို့အမြဲတမ်းထည့်သွင်းစဉ်းစားပြီးတော့ ညှိနှိုင်းနေတာတွေရှိပါတယ်။ “ လို့ ဦးဘူးရယ်က ဆက်ပြောပါတယ်။

ကျောင်းသားတွေရဲ့ ပညာရေးအတွက်လည်း သင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒေါနိုးကူးစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂)ရက်နေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ အတွင်းကို ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရတာြဖစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က တာဝန်ရှိသူတွေက ယာယီလက်ခံ နေရာချထားပေးပြီး အကူအညီလိုအပ်ချက်တွေကို NGOs နဲ့ လူမှုအသင်းအဖွဲ့တွေက ကူညီနေကြတာရှိပေမယ့် လုံလောက်မှုမရှိတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts