spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်ကြတဲ့ မယ်စဲ့စစ်ရှောင် ၆၀၀ ကျော် နေရပ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်နီစစ်ရှောင် ၆၀၀ ကျော်ဟာ စက်တင်ဘာလအစောပိုင်းကစပြီး မယ်စဲ့မြို့နယ်အတွင်းကို ပြန်ကြတယ်လို့ သိရပါတယ်။

နေရပ်ပြန်ကြတဲ့စစ်ရှောင်တွေဟာ မိမိဆန္ဒအလျောက်နေရပ်ပြန်ကြသူတွေနဲ့ ၊ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့်ပြန်ကြသူတွေ ဖြစ်တယ်လို့ စစ်ရှောင်တွေနဲ့နီးစပ်သူတွေဆီကနေ သိရှိရပါတယ်။

“ပြန်ပို့တာဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော။ နေလို့ထိုင်လို့ အဆင်မပြေတဲ့ အတွက်ကြောင့်မလို့ ပြန်ရတာရှိပါတယ်။ အဲ့တော့ ဦးဆုံးအသိပေးချင်တာက ပြန်ပို့တာရှိတယ်။ တချို့နေလို့ထိုင်လို့ အဆင်မပြေတာက ထိုင်းအစိုးရကနေ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေ Humanitarian ကိစ္စတွေ ပေးတဲ့နေရာမှာ အကန့်အသတ်တွေ ပိုများတယ်။ ထိန်းချုပ်မှုတွေ တအားများတယ်။ နောက် နေဖို့ထိုင်ဖို့ တော်တော်လေး အဆင်မပြေတဲ့ဟာ ကြုံရတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ တချို့က ပြန်ရင်ကောင်းမလားဆိုပြီးတော့မှ စဉ်းစားတဲ့သူရှိတယ်လို့ ကျနော်တို့ သိရတယ်။” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

စက်တင်ဘာလ အစောပိုင်းကနေစပြီး တသုတ်ချင်းအလိုက် ထိုင်း-မြန်မာ နယ်စပ်ဖက်က စစ်ရှောင်စခန်းကို ပြန်ကြတာဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ နေရပ်ပြန် စစ်ရှောင် ဦးရေ ၆၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။

နေရပ်ပြန်သွားတဲ့ စစ်ရှောင်တွေကတော့ မယ်စဲ့မြို့နယ်ထဲက နဂို စစ်ရှောင်စခန်းမှာပဲ ပြန်လာနေကြတာဖြစ်ပြီး၊ မယ်စဲ့မြို့အတွင်းကို ပြန်လာနေထိုင်ကြတာမရှိသေးဘူးလို့ သိရပါတယ်။

တဖက်မှာလည်း မယ်စဲ့မြို့နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ ကင်းထောက်ယာဉ် ပျံဝဲမှုကလည်း ရှိနေတာကြောင့် စစ်ရှောင်လူထုတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဖက်မှာရှိနေတဲ့ ကရင်နီစစ်ရှောင်လူထုတွေ စားနပ်ရိက္ခာရရှိဖို့ကလည်း ထိုင်းနိုင်ငံဖက်ကနေ အဓိက တင်ပို့နေရပြီး၊ ထိုင်းအာဏာပိုင်တွေကနေ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“နံပါတ်နှစ် တချက်ကတော့ စားနပ်ရိက္ခာပါပဲ။ အခုချိန်ထိ ထိုင်းဖက်ကလည်း စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့မှ ကန့်သတ်မှုတွေ တအားများတဲ့အတွက်ကြောင့်မလို့၊ ဒီစားနပ်ရိက္ခာ အခက်အခဲကို ပြည်တွင်းမှာရောက်ရင် ပြန်ကြုံနိုင်ခြေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်တွင်းကနေ မယ်စဲ့ဖက်ကို သယ်လို့မရဘူးပေါ့နော၊ လမ်းမကြီးတောက်လျှောက်လည်း တိုက်ပွဲတွေဖြစ်နေတယ် အခြားတဖက်မှာလည်း ဈေးအရမ်းကြီးနေတယ်ပေါ့ အဲ့ဒါကြောင့်မလို့ ထိုင်းဖက်ခြမ်းကိုပဲ အားကိုးရတဲ့အခြေအနေရှိပါတယ်။”လို့ ဦးဗညားက ဆက်ပြောပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာပို့ဆောင်ပေးတဲ့အခါ ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ယူရပြီး၊ ခွင့်ပြုချက်ရမှသာ သွားလာရတဲ့အခြေအနေမှာရှိတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတဦးက ပြောပါတယ်။

“ကျနော်တို့က သူများပေးလာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဆန်ပဲ ဖြစ်ဖြစ် ဆီ၊ ဆားပဲ ဖြစ်ဖြစ်ပေါ့နော အဲ့လိုမျိုးဆိုရင် ကျနော်တို့က ကားငှားပြီးတော့မှ ပြန်ပို့ပေးတယ်။ ဟိုဖက် ပြန်ဖို့ဆိုရင် ထိုင်းအာဏာပိုင်တွေကို ခွင့်တောင်းရတယ်ပေါ့နော၊ အခွင့်ပေးရင်တော့ ကျနော်တို့ သွားပြီး ချပေးတယ်ပေါ့ နယ်စပ်မှာ။”လို့ အဆိုပါ စစ်ရှောင်ကူညီသူ တဦးက ပြောပါတယ်။

လက်ရှိ မယ်စဲ့မြို့နယ်အတွင်းက နယ်စပ်မှာ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိပြီး၊ နေရပ်ပြန်တဲ့စစ်ရှောင်တွေ ထပ်ဝင်လာတာကြောင့် စားနပ်ရိက္ခာရရှိမှုနဲ့ ပတ်သက်ပြီး ပြတ်လပ် သွားမှာကို စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ့်စရင်းယမ်းမြို့နယ် ဆောင်ဟီကျေးရွာမှာ ကရင်နီစစ်ရှောင် အများဆုံးရှိနေပြီး၊ နေရပ်ပြန်ကြသူတွေဟာ အဲ့ဒီကျေးရွာအပြင် အခြားသောကျေးရွာမှ စစ်ရှောင်ကြတဲ့သူတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

IEC အနေနဲ့ကတော့ ကရင်နီစစ်ရှောင်အရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ပတ်သက်ပြီး၊ နိုင်ငံတကာအစုအဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး မယ်စဲ့မြို့နယ်အတွင်းက ရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့ အထိုင်ချစခန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မယ်စဲ့ဒေသခံအပါအဝင် စစ်ရှောင် စုစုပေါင်း ၅၀၀၀ ဝန်းကျင်ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံခဲ့ရတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts