spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနိုင်ငံအတွင်းကနေ ပြန်လာတဲ့ ကျောင်းသားတွေအတွက် စာသင်ဖို့ စာရေးကိရိယာတွေ အရေးပေါ် လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခိုလှုံခဲ့ရပြီး သုံးလအကြာ ထိုင်းနိုင်ငံက လက်မခံတော့တာကြောင့် ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ပြန်လာခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင် ကျောင်းသားတွေဟာ စာသင်နိုင်ဖို့အတွက် စာရေးကိရိယာတွေ မရှိသေးဘူးလို့ ကျောင်းဖွင့်လှစ်နိုင်ဖို့ ဦးဆောင်နေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

“အားလုံးကတော့ လိုအပ်ချက်တွေကြီးပါဘဲ။ ဘာလို့လဲဆို အစပျိုးမှာဆိုတော့လေ။ ဘာမှ မရှိသေးတဲ့အချိန်မှာ အစပျိုးလိုက်တာ ဒီကလေးတွေရဲ့ ပညာရေးပေါ့။ သူတို့တွေက ဒီလိုနားနေမဲ့ အတူတူ ကိုယ် တစ်ပိုင်တစ်နိုင်လေး လုပ်ပေးချင်တဲ့ ဆန္ဒနဲ့ ကျမတို့က အစပျိုးလိုက်တာပေါ့နော။ ဘာမှတော့ ကျမတို့မှာ ပြည့်စုံမှုတော့ မရှိသေးဘူးပေါ့နော။” လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

စတင် သင်ကြားနိုင်ဖို့ ကလေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေ မရရှိသေးပါကလည်း ဆရာ၊ ဆရာမတွေ ရရှိထားတဲ့ A4 စာရွက်တွေနဲ့သာ အသုံးပြုသွားမယ်လို့ ကျောင်းဆရာမတွေက ပြောပါတယ်။ အစပျိုးနိုင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေပေမယ့် စာသင်ကြားလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဆန္ဒကြောင့် လက်ရှိ ရရှိထားတဲ့ ပစ္စည်းတွေနဲ့သာ ဖွင့်လှစ်သင်ကြားနိုင်ဖို့ စီစဉ်လိုက်ရတာဖြစ်တယ်လို့ ဦးဆောင်ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

အခုလ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းမှာ မူကြိုကနေ Grade 4 ( လေးတန်း) အထိ ဖွင့်လှစ်သင်ကြားနိုင်ဖို့ ကြိုးပမ်းနေပြီး ဆရာ၊ ဆရာမတွေအတွက် သင်ထောက်ကူပစ္စည်းတွေ အပါအဝင် ကျောင်းသားတွေအတွက် ကျောင်းသုံးပစ္စည်းတွေလည်း မရှိသေးဘူးလို့ အဆိုပါ ကျောင်းဆရာမက ဆက်ပြောပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေထဲက Grade 9 (ကိုးတန်း)အထိ ရှိနေပေမယ့် သင်ကြားပေးနိုင်မဲ့ ဆရာ၊ ဆရာမဦးရေ၊ စာသင်ဆောင်နဲ့ ကျောင်းသုံးပစ္စည်းတွေရဲ့ အခက်အခဲကြောင့် လတ်တလောမှာတော့ Grade 4 ( လေးတန်း) အထိသာ ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

“သင်ကြားရေးဖက် အဆင်ပြေဖို့အတွက်ဆို အခုအစပျိုးရုံဘဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေ တော်တော်များများ ရှိတာပေါ့။ ဒါပေမယ့် အဆင်ပြေနိုင်အောင်တော့ ကျမတို့ ကြိုးစားတယ်ပေါ့နော။ လောလောဆယ်တော့ ကလေးတွေအတွက် ဗလာစာအုပ်တွေ၊ ခဲတံတွေကအစပေါ့နော။ အခုမှစမှာဆိုတော့။” လို့ ကျောင်းဆရာမတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိစာသင်ကျောင်းဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ကျေးရွာတစ်ရွာမှာ လာရောက်ခိုလှုံနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုလ ဒီဇင်ဘာလအထိ စာမသင်ရတာ ခြောက်လ ဝန်းကျင်ရှိသွားပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခိုလှုံခဲ့ကြရပြီး သုံးလအထိသာ လက်ခံထားတာကြောင့် မယ်စဲ့မြို့နယ်အတွင်းကို ပြန်လာနေထိုင်ခဲ့ကြရတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း ခိုလှုံနေစဉ်မှာလည်း ကျောင်းဖွင့်လှစ်နိုင်ခွင့် ခက်ခဲတာကြောင့် စာမသင်ကြားခဲ့ရဘူးလို့ စစ်ဘေးရှောင်နေရတဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

“ကလေးတွေက ကျောင်းတက်ချင်တယ်။ ကျမတို့က ပြေးလွှားနေရတော့ အခုထိ သူတို့ကျောင်းမတက်နိုင်သေးဘူး။ ဆရာမတို့အတွက်လည်း ကျောင်းဖွင့်ပြီး စာသင်ဖို့ ခက်နေတယ်လေ။ လုံခြုံရေးလည်း ဘယ်လိုလာမလဲ မသိဘူး။ စာသင်လည်း စာအုပ်တွေလည်း မရှိဘူးကော။” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မူကြိုကနေ Grade 4 ( လေးတန်း) အထိ ကျောင်းသူ၊ ကျောင်းသားဦးရေ ၆၀ ကျော်ရှိပြီး လေးတန်းအထက် ကျောင်းသူ၊ ကျောင်းသားတွေကတော့ စာသင်ကြားခွင့် မရနိုင်သေးဘူးလို့ သိရပါတယ်။ အဆိုပါ ကျေးရွာမှာ ကျေးရွာခံနဲ့ စစ်ဘေးရှောင်အပါအဝင် လူဦးရေ သုံးရာဝန်းကျင် ရှိတယ်လို့ စစ်ဘေးရှောင်ကော်မတီထံကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts