spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ယခုပညာသင်နှစ်အတွက် ကျောင်းအပ်ထားသူဦးရေ ထက်ဝက် လျော့နည်းလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပညာရေးဝန်ကြီးဌာန (KnED) လက်အောက်ကနေ ဖွင့်လှစ်ထားတဲ့ ထိုင်း-ကရင်နီနယ်စပ်က စစ်ဘေးရှောင်စာသင်ကျောင်းမှာ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်တဲ့ ကျောင်းသားဦးရေစာရင်းဟာ ပြီးခဲ့တဲ့နှစ်ထက် ထက်ဝက် လျော့နည်းလာတယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အရင်နှစ်ကျောင်းသားဦးရေနဲ့ ဒီနှစ်ကျန်ခဲ့တဲ့ ကျောင်းသားဦးရေ ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ တစ်ဝက်လောက်ပျောက်သွားတာက ဒီ စစ်ရေးပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခကြောင့်လည်းဖြစ်တယ်။ ဒီပိုင်းမှာမှ ကျနော်တို့ လုံခြုံစိတ်ချတဲ့နေရာက နေလို့မရတဲ့အနေအထားမှာရှိခါကျတော့ တချို့ကစိတ်ဓာတ်ကျတာများတယ်ပေါ့နော။ ပြီးတော့ဒီအခက်အခဲတွေကြောင့် မခံနိုင်တဲ့လူတွေ အမျိုးမျိုးပေါ့နော။ အဓိက ပျောက်သွားတဲ့သူတွေကို တအားနဲ့နှမြောမိတယ်ပေါ့နော။” လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းက လူငယ်တွေပညာသင်ကြားတဲ့ ကောလိပ်ကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇွန်လပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လုံခြုံရေးအရ စာသင်ကျောင်းမှာ စာသင်ကြားနိုင်ခြင်း မရှိတော့ဘဲ ရောက်ရှိတဲ့နေရာတွေမှာပဲ အဆင်ပြေသလို ပညာဆက်လက် သင်ကြားခဲ့ရတာဖြစ်ပါတယ်။

ကျောင်းသားတွေ စာဆက်လက်သင်ယူနိုင်ဖို့ တောတောင်ကြားက တောင်ကျမြောင်းထဲမှာ မိုးကာလေးနဲ့ သင်ကြား‌ပေးခဲ့ရပါတယ်။ ယခုစာသင်နှစ်အတွက်ကတော့ တောင်ကျချောင်းရေနဲ့ မြောင်းတွေမှာ ရေကြီးနိုင်တဲ့အတွက် စာသင်မယ့်နေရာလည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလေယာဉ်ဗုံးကြဲမှုကြောင့် ကျောင်းသား၊ကျောင်းသူ တွေ အပြင် ဆရာ၊ ဆရာမတွေလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားခဲ့ရပြီး တခြားနေရာကို ရွေ့ပြောင်းသွားတဲ့သူလည်း များပြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ KG တန်းကနေ အထက်တန်းအဆင့်ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းအပ်တာ၊ ကျောင်းပြောင်းတာကို ဆောင်ရွက်လျက်ရှိနေပါတယ်။ KG နဲ့ ပထမတန်းကိုလည်း MTB-MLE စနစ်နဲ့ စတင်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် ကျောင်းသုံးသင်ထောက်ကူပစ္စည်းတွေ နဲ့ ကျောင်းသုံးရေအတွက်လည်း လိုအပ်မှုရှိနေတယ်လို့ ဆိုပါတယ်။

“ဒီမှာနေတဲ့သူတွေတော့ အခြေအနေကတော့ သိတဲ့အတိုင်းဘဲပေါ့နော။ လုံခြုံစိတ်ချတယ်လို့တော့ သိပ်ပြီးမခံစားရဘူးပေါ့နော ။ ဒါပေမယ့် ကျနော်တို့တတ်နိုင်သလောက် ကျောင်းသူကျောင်းသားဘက်ကော၊ ဆရာ/ဆရာမ ဘက်ကော အဆင်ပြေနိုင်တဲ့နေရာမျိုးပေါ့နော ဒီကျောင်းမှာက တစ်ချက်လျာထားတယ်။ ရွာပြင်မှာတစ်ချက်လျာထားတယ်။ စိန်ခေါ်မှုကတော့ အဓိကရေပေါ့နော။ အိမ်သာရေတို့၊ သောက်သုံးရေတို့ သိပ်လည်း အဆင်မပြေတဲ့ခါကျတော့ အကြီးမားဆုံးစိန်ခေါ်မှုက ရေ။ ပြီးတော့ သင်ထောက်ကူပစ္စည်းတွေကလည်း ကျောင်းဖွင့်ခါနီးအချိန်တော့ရောက်လာပြီ။သင်ထောက်ကူပစ္စည်းတွေ ရောက်လာတာတွေတော့မရှိသေးဘူးပေါ့နော ။ အဲ့တာတွေကိုတော့ စိန်ခေါ်မှုလို့ ပြောလို့ ရတယ်ပေါ့နော။” လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှာ လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ယခုပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံထားတဲ့စာရင်းအရ ၅၇၀ ဦးရှိနေပြီး ပြီးခဲ့တဲ့နှစ်မှာတော့ ကျောင်းသား ထောင်ဂဏန်းထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ အာဏာသိမ်းပြီးနောက်မှာ ကရင်နီပြည်တွင်းက စစ်ရှောင်တွေ လာရောက်နေထိုင်ခဲ့ကြတာ အခုဆို သုံးနှစ်ရှိသွားပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts