ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့က ထိုင်း- ကရင်နီနယ်စပ်တစ်နေရာမှာ ဒစ်ဂျစ်တယ် လုံခြုံရေး စစ်ဆေးရန် နည်းပညာသင်တန်းကို ကရင်နီနည်းပညာအဖွဲ့ (KnTT) မှ ကရင်နီလူငယ်တွေကို ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
ကရင်နီလူငယ်တွေကို သင်တန်းပို့ချပေးရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး သင်တန်းဆရာတစ်ဦးက ခုလိုပြောပြသွားပါတယ်။
“ တိုးတက်လာတဲ့ခေတ်ထဲမှာ ကျနော်တို့ လူငယ်တွေက နည်းပညာကို အသုံးများလာကြတယ်ပေါ့နော်။ နည်းပညာသုံးခြင်းအားဖြင့် အကျိုးရှိသလို မလိုလားအပ်တဲ့ ဆိုးကျိုးလည်းပါပါတယ်။ ကျနော်တို့ မလိုလားအပ်တဲ့ နှောက်ယှက်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ကြိုတင်ကာကွယ်နိုင်အောင် လုံလုံခြုံခြုံနဲ့ ကျနော်တို့ သုံးနိုင်အောင် ရည်ရွယ်ပြီး သင်တန်းပေးရခြင်းဖြစ်တယ်ပေါ့နော်။ နောက်ပြီး ကျနော်တို့ လူငယ်တွေအတွက် တတောင့်တစ်နေရာမှာ အထောက်အကူပြုမယ်လို့ ရည်ရွယ်ပါတယ်။”လို့ သင်တန်းဆရာက ပြောပါတယ်။
သင်တန်းပြုလုပ်ခြင်းအားဖြင့် တစ်ဦးတစ်ယောက်အတွက် အကျုံးဝင်တာမဟုတ်ဘဲ ဘဝတက်လမ်းအတွက် အသုံးချနိုင်မဲ့အပြင် မိမိနဲ့ နီးစပ်သူတွေကို ပြန်လည်ပြောပြနိုင်မှာဖြစ်တယ်လို့ သင်တန်းဆရာက ဆက်ပြောပါတယ်။
“လူငယ်တွေက ဒစ်ဂျစ်တာ လုံခြုံရေးအကြောင်းကို ပိုသိလာပြီး သုံးတတ်လာမယ်ပေါ့နော်။ ဒါအပြင် သူတို့က ဒစ်ဂျစ်တာ လုံခြုံရေးအကြောင်းကို အခြားသူတွေကိုပါ ပြန်ရှင်းပြပေးလို့ရတယ်ပေါ့နော်။ ကျနော်တို့ တစ်ဦးတစ်ယောက်ဘဲ လုံခြုံဖို့ထက် ကျနော်တို့ မောင်နှမအားလုံး လုံခြုံဖို့လိုပါတယ်။ နည်းပညာကြောင့် အခက်အခဲဖြစ်တာမျိုး မဖြစ်တော့ဘဲ နည်းပညာကို မိမိတို့ ဘဝတိုးတက်လမ်းအတွက် တံတားတစ်ခုအဖြစ် အသုံးချနိုင်မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
အဆိုပါ သင်တန်းကို အမျိုးသား ၂၂ဦး၊ အမျိုးသမီး ၁၄ဦး စုစုပေါင်း ၃၆ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းပို့ချတဲ့ ဆရာ ၃ဦးရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ခေတ်မှာ အသုံးများလာကြတဲ့ Phone, Gmail, Facebook, Signal, Proton mail တွေကို အသုံးပြုတဲ့အခါ သိရှိထားရမဲ့ လုံခြုံရေးနည်းပညာတွေကို အဓိကထားပြီး သင်တန်းပို့ချပေးခဲ့တာဖြစ်ပါတယ်။