spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။

မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။

“ အခက်အခဲတော့ရှိတယ်ဗျ။ အများကြီးရှိတယ်ဗျ။ ဟို စစချင်းမှာတော့ ကျနော်တို့ဒီ စပြီးတော့မှ ရေရှား ဒီမိုးအကုန် ခံပြီးမှ ကျနော်တို့ဒီရေလှောင်ကန်ကနေ ရပ်ကွက်အတွင်းမှာ ပို့ပေးတာတွေပေါ့နော။ အဲ့မှာတချို့ရပ်ကွက်တွေက ရေရတယ်။ ဒီ တချို့ရပ်ကွက်တွေမှာကျတော့ ရေမရဘူးပေါ့နော။ ပြီးတော့မှ အခက်အခဲကတော့ သူတို့အနေနဲ့ အဝေးကြီးသွားခပ်ရတယ်ပေါ့နော။ သူတို့ဒီတစ်ခြားသော ရေထွက်ပေါက်ရှိတဲ့နေရာ နည်းနည်းရေရှိတဲ့နေရာမှာ သူတို့သွားခပ်ရတာတို့ဘာတို့ အဲ့လိုမျိုးတော့ရှိတာပေါ့နော။ ”

သောက်သုံးရေရရှိဖို့ အချိန်အများကြီးပေးရပြီး ပင်ပင်ပန်းပန်းနဲ့ သွားရောက်ခပ်ယူပေမယ့်လည်း လုံလုံလောက်လောက်မသုံးရဘူးလို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်ဆာဖောက ပြောပါတယ်။

“အခုက ရေကတစ်ပတ်မှ တစ်ခါပဲ လွတ်လာတယ်ဆိုတော့ အဲ့လိုမျိုး ရေကတန်းစီပြီးမှ ရေခပ်ရတယ်လေ။ ရပ်ကွက်ထဲမှာဆို တန်းစီပြီးမှ ရေခပ်ရတယ်ဆို ကိုယ့်အလည့်ရောက်ဖို့ဆိုရင်တော အကြာကြီး စောင့်ရတယ်လေ။ အဲ့တာ တစ်အိမ်ထောင်ကို နှစ်ပုံးပဲ ခပ်ရတယ်။ နှစ်ပုံးစီဘဲ ယူလာတယ်။ နောက်ပြီး အဲ့ဒီဟာ မလုံလောက်တော့ တစ်ခါတစ်လေ အဝေးကြီးသွားခပ်ရတယ်လေ။ အဲ့တာအဲ့လိုမျိုးသွားခပ်ရတယ်။ အသွားတစ်နာရီ ကြာမယ်ထင်တယ်။ အ‌ဒေါ်တို့က တောင်မတက်နိုင်ဘူးကော။ တက်လိုက်နားလိုက်တက်လိုက်နားလိုက် အကြာကြီးသွားရတယ် ရေတစ်ပုံးရဖို့အ‌ရေးက။”

ယခုအချိန်ထိ ရေစုဆောင်းဖို့ ပြဿနာကြုံတွေ့နေရတဲ့ စစ်ရှောင် ဒေါ်ယူအေးက
“ သူများကတော့လှောင်ထားတယ်။ အမိုးကတော့မလှောင်ဘူး။ ပုံးနဲ့ဘဲလှောင်ထားသေးတယ်ပေါ့နော။ ရှေ့ဆက်ကတော့ ဘယ်လိုလာမလဲ။ လှောင်မှာဘဲလေး။ ရေရှားလာပြီဆိုတော့ ပလတ်စတစ်အိတ်တွေလိုက်ရှာဝယ်။ မရသေးဘူး။ ဒါပေမယ့် ရလို့ရှိရင်တော့ လှောင်ထားမယ် ” လို့ ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ ရှိတဲ့ ဆယ်သဲကောလိပ်ကျောင်းက တတိယနှစ်ကျောင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ ( DCD ) အတန်းကလည်း စစ်ရှောင်လူထု၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေစီမံကိန်း ( Project ) တစ်ခုလုပ်ဆောင်နေတယ်လို့ ထပ်မံသိရှိရပါတယ်။

( DCD ) အတန်း ကနေပြီး အဲဒီစစ်ရှောင်စခန်းမှာ ရေသိုလှောင်ထားနိုင်တဲ့ ရေကန်တစ်ခုကို ဆောက်လုပ်နေတာရှိတယ်လို့ ( DCD ) အတန်းသား တစ်ဦးက ပြောပါတယ်။

” ဘယ်လောက်ထိအတိုင်းအတာထိ ဖြေရှင်းပေးနိုင်လဲဆိုတဲ့နေရာမှာတော့ ကျနော်တော့အတိအကျတော့ကျတော်မသိနိုင်ဘူး။ သို့ပေမဲ့လည်း ကျတော် ခန့်မှန်းပြီးတော့မှပြောရရင် ပြည်သူလူထုတွေက နွေရာသီချိန်မှာ ရေရှားပါးပြသနာကြုံတွေ့နေရတယ်ဆိုတာ အားလုံးသိကြပြီးသား။ အဲ့ဒီနေရာကို သူတို့နေ့စဉ်နေ့တိုင်းလာချိုးတယ်။ လာပြီးမှသောက်သုံးတာတွေလည်းရှိတယ်။ အဲ့ဒီခါကျတော့ သူတို့အတွက် ဘယ်လောက်ထိအတိုင်းအတာဖြစ်နိုင်လဲဆိုတော့ ဒီ ၄လ ၅လအထိတော့သူတို့အတွက် အသုံးပြုနိုင်မယ်လို့ ကျနော် ယုံကြည်တယ်။ အစကတော့ ကျနော်တို့အစီရင်ခံစာရေးထားတာကတော့ ၅နှစ်လို့ရေးထားတာရှိတယ်။ အခုတော့ ဆရာတို့ပြန်လည်ဆွေးနွေးမှု ပြန်လုပ်တဲ့အခါမှာကျတော့ ခင်များတို့၅နှစ်နဲ့အာမခံထားတာတော့ ဟုတ်ပြီ။ ဒါပေမဲ့ အကယ်၍ ဒီနိုင်ငံရေးအခြေအနေ နိုင်ငံရေးအကြောင်းတစ်ခုခုကြောင့် project ပျက်ဆီးသွားမယ်ဆိုလို့ရှိရင် ခင်များတို့အာမခံမှုက အဲ့လိုမျိုးကတိမတည်တဲ့ဟာဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့်မလို့ ကျတော်တို့၅နှစ်ဖြစ်ဖြစ် တစ်နှစ်ဖြစ်ဖြစ် ဘယ်နှစ်နှစ်ဖြစ်ဖြစ် အဲ့တာကိုမပြောလည်းရတယ် ဆိုပြီး ပြန်ပြောတော့ ကျနော်တို့ ဘားမှပြန်‌မပြောခဲ့ဘူးပေါ့နော။ ”

စစ်ရှောင်စခန်း စီမံရေးမှူး ခွန်းရောဘတ်ကလည်း ရေရှားပါးမှုပြဿနာကို အုပ်ချုပ်ရေးအဖွဲ့ကနေ သက်ဆိုင်ရာတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပြီး ငွေကြေး (Budget) အခက်အခဲကြောင့် အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတယ်လို့ ထပ်မံ ပြောပါတယ်။

“ အခက်အခဲတွေအများကြီးရှိတယ်ပေါ့နော။ စောနကပြောသလိုမျိုးပေါ့နော။ အဓိက ငွေရေးကြေးရေးပေါ့နော။ ဒီအလှူရှင်တွေများများးလိုအပ်တာပေါ့နော။ သူတို့ ဒီမှာရှိတဲ့ စစ်ရှောင်အတွက် ရေအမြဲတမ်းရရှိဖို့ ရေအချိန်မှန်ရရှိဖို့ဆိုလို့ရှိရင် စီမံကိန်းတွေ အကြီးကြီးလိုအပ်တာပေါ့နော။ အဲ့အတွက်လည်း Budgetတွေလိုအပ်တယ်။ အများကြီးလိုအပ်တာပေါ့နော။ အလှူရှင်အဖွဲ့အစည်းလည်း အများကြီးလိုအပ်တယ်ဆိုတဲ့ဟာလေးလည်း ပြောချင်တယ်။ ဘာလို့ဆို လူထု လုပ်အားပေးတော့ရတယ်ဆိုပေမယ့်လည်း စောနပြောသလိုမျိုးပေါ့နော။ အဆင်သင့်ဘာမှမရှိဘူးဆိုလို့ရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရဘူးပေါ့နော။ ”

အဲဒီ စစ်ရှောင်စခန်းဟာ ၂၀၂၁ခုနှစ်က စတင်တည်ထောင်ခဲ့တာြဖစ်ပြီး လက်ရှိအချိန်ထိ အိမ်ခြေ ၄ရာကျော် ၊ လူဦးရေ ၃ထောင်နီးပါး ရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်ဦးရေတွေ တိုးလာနေပြီး ရေလုံလောက်ဖို့အတွက် အခက်အခဲ တွေ ပိုရှိလာနိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img