spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီ နယ်စပ်က စစ်ဘေးရှောင်စခန်းတစ်ခု နေရာရွေ့ပြောင်းရ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ လိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီ နယ်စပ်တနေရာမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်စခန်း တစ်ခုဟာ ယခု နွေရာသီကာလအတွင်းမှာ နေရာရွေ့ပြောင်းနေထိုင်မှာ ဖြစ်တဲ့အတွက် နေရာအသစ်မှာ နေထိုင်ဖို့ အမိုးအကာတွေ လိုအပ်လျှက်ရှိနေတယ်လို့ သိရပါတယ်။

ယခုလက်ရှိနေရာမှာ နေထိုင်တာဟာ အခက်အခဲတွေ ရှိနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတာကြောင့် ကျန်းမာရေးအခြေအနေ အရေးပေါ်ဖြစ်နေသူတွေကို အချိန်မှီ ဆေးရုံ၊ ဆေးခန်း မပို့ဆောင်နိုင်ခဲ့ရာ အသက်သေဆုံးသူတွေ ရှိလာတဲ့အတွက် ရွေ့ပြောင်းနေထိုင်ရခြင်း ဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ စခန်းရွေ့ပြောင်းရတဲ့ အကြောင်းရင်းကတော့ မိုးတွင်းဆိုရင် ကျနော်တို့ ရိက္ခာသယ်ရတာ အခက်အခဲရှိတယ်။ ပြီးတော့ ကျန်းမာရေး၊ ပညာရေး လုပ်ဆောင်ရတဲ့အခါမှာ အရမ်းခက်ခဲ နောက်ကျတာ ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ရွေ့ပြောင်းရခြင်း ဖြစ်ပါတယ်။ လူနာ အချိန်မှီ ကျနော်တို့ မပို့နိုင်လိုက်တဲ့ လူနာတွေ ရှိတယ်။ ရေကြီးတာ၊ ချောင်းရေကြီးတာကြောင့် ကျနော်တို့ လူနာပို့တာ နောက်ကျတာတွေကြောင့် အသက်ဆုံးရှုံးတာတွေ ကြုံတွေ့ခဲ့ရတယ်။” လို့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ ကျန်းမာရေးအရေးပေါ် ဖြစ်ပွားတဲ့ လူနာတွေကို အချိန်မှီ ဆေးရုံ၊ ဆေးခန်း မပို့ဆောင်နိုင်ဘဲ အသက်ဆုံးရှုံးသွားရတဲ့ လူနာ ၅ ဦးအထိ ရှိလာပြီး တနေ့တည်းကို ၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိနေထိုင်ရာ စစ်ဘေးရှောင်စခန်းအထိ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အလှူရှင်တွေ ရောက်လာနိုင်ခြင်းမရှိသလို စစ်ဘေးရှောင်လူထုများကိုယ်တိုင် စားနပ်ရိက္ခာ သယ်ယူရာမှာလည်း အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

လူဦးရေ တစ်ထောင့်သုံးရာဝန်းကျင် ရွေ့ပြောင်းနေထိုင်ရမှာ ဖြစ်တဲ့အတွက် သက်ကြီးရွယ်အို၊ ကလေးငယ်တွေအတွက် ရွေ့ပြောင်းရေးမှာ ကူညီဆောင်ရွက်ပေးနိုင်တဲ့ ကားတွေအတွက် စက်သုံးဆီတွေလည်း လိုအပ်နေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“အရင်က ကျနော်တို့ကို ပေးခဲ့တဲ့ မိုးကာတွေက တစ်နှစ်လောက်ရှိပြီပေါ့နော်။ ကျနော်တို့ ဖြုတ်လိုက်တာနဲ့ ပြဲကုန်တယ်၊ ယိုယွင်းပျက်စီးကုန်တယ်။ အဲ့လိုဖြစ်တော့ ကျနော်တို့ ဘယ်လိုဆက်နေသွားရမလဲဆိုတဲ့ အခက်အခဲမျိုးတွေ အများကြီး ကြုံတွေ့ရတယ်။” လို့ စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေဟာ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်၊ မယ်စဲ့မြို့နယ်အတွင်းက စစ်ဘေးရှောင်လူထုတွေ အများစု နေထိုင်ကြပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်တိမ်းရှောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲ၊ ဖယ်ခုံအပါအဝင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ သုံးသိန်းခွဲအထိ ရှိလာပြီး စစ်ဘေးရှောင်စခန်းပေါင်း နှစ်ရာကျော် ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်လာရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ်အထိ ၂.၅ သန်းရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

spot_img
spot_img