spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုးစစ်သတင်းတွေကြား ညအချိန်ထိ သီးနှံရိတ်သိမ်းနေရတဲ့ မိုးဗြဲတောင်သူများ

ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ-ရှမ်းပြည်နယ်စပ်ရှိ တောင်ယာ၊ လယ်ယာသွားတဲ့ လမ်းတစ်လျှောက် စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးစစ်ဆေးမှုရှိနေပေမယ့် မိုးဗြဲမြို့ဒေသခံတောင်သူတွေ သီးနှံရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် ကြောက်လန့်မှုတွေကြားက သွားလာနေရတဲ့အပြင် ထိုးစစ်သတင်းတွေကြားက ညအချိန်ထိ သီးနှံတွေကို ရိတ်သိမ်းနေရတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။

“အများကြီးရင်းလိုက်ရတယ်။ ဒီတစ်ခေါက်မှ မရိတ်ရဘူးဆိုရင်တော့ စားနပ်ရိက္ခာကိစ္စ အဓိကကတော့ ဒီဖက်မှာက လယ်ကို အဓိကစီးပွားရေးလုပ်တာဆိုတော့ ဒါမှမရဘူးဆိုရင်တော့ ကျနော်တို့မှာ တခြားဘာစီးပွားရေးမှမရှိတဲ့ တောင်သူလယ်သမားတွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးပေါ့။ ဒါကြောင့်မို့လို့ ဘယ်လောက်ပဲ ထိုးစစ်ဆင်မယ်လို့ သတင်းပဲကြားကြား သူတို့တော့ မပြေးတော့ဘဲနဲ့ စက်တွေနဲ့ပဲ ည ၉နာရီ ၁၀နာရီအထိ ရိတ်နေရတဲ့ အနေအထားမှာ ရှိတယ်။” လို့ မိုးဗြဲမြို့ ကွက်သစ်ရပ်ကွက် မှ ဒေသခံတောင်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စိုက်ပျိုးထားတဲ့ သီးနှံတွေကို မရိတ်သိမ်းပါက လာမယ့် ၃ နှစ်တာကာလအထိ စားဝတ်နေရေး အခက်အခဲ ကြုံရနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

“ကျနော်တို့က တစ်နှစ်တာရဲ့ စပါးရိတ်သိမ်းချိန်ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သီးနှံတွေ ဒီတစ်ခေါက်မှ မရိတ်သိမ်းရရင် လာမယ့် ၂နှစ် ၃နှစ်ထိလည်း ငတ်နိုင်တယ်ကော ဆိုတော့ အဲ့လိုမျိုးဖြစ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ကြောက်ကြောက်နဲ့ပဲရအောင် ရိတ်နေရတဲ့ အနေအထားမှာ ရှိတယ်။”လို့ အဆိုပါ ဒေသခံတောင်သူတစ်ဦးက ဆက်ပြောပါတယ်။

မိုးဗြဲမြို့ရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ တောင်ယာ၊လယ်ယာလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြပြီး ဒီတစ်နှစ်စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့၊ မြေဩဇာ၊ စက်သုံးဆီနဲ့ စက်ပစ္စည်း၊ စားနပ်ရိက္ခာ၊ နေ့စားစရိတ်၊ အထွေထွေအသုံးစရိတ်တွေ စသဖြင့် အရင်းအနှီးများထည့်ဝင်ထားရတဲ့အတွက် တိုက်ပွဲကြားက ရိတ်သိမ်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှာ မိုးဗြဲနဲ့ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းက ဒေသခံတောင်သူ အမျိုးသား ၈ ဦး တောင်ယာ၊ လယ်ယာသွားလမ်းဖြစ်တဲ့ မိုးဗြဲရေလှောင်တမံအနီးမှာ အခြေချစခန်းထိုင်နေတဲ့ စစ်ကောင်စီတပ်သားမှ ဖုန်းစစ်ဆေးပြီး အကြောင်းမဲ့ဖမ်းဆီးကာ ခလရ ၄၂၂ တပ်ရင်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်း ၄ နာရီဝန်းကျင်မှာပဲ ဖမ်းဆီးခံရတဲ့ ၈ ဦးအနက် ၆ ဦးပြန်လွှတ်ပြီး ကျန်တဲ့နှစ်ဦးကို မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးစစ်ဆေးတာကို မသိရှိရသေးဘူးလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ ဗိုလ်ရထားက ပြောပါတယ်။

“ဖုန်းစစ်ပြီးတော့ ၄၂၂ တပ်ရင်းထိပေါ့နော သူတို့ခေါ်သွားတယ် ပြီးတော့ ညနေ ၃ နာရီ ၊ ၄ နာရီ ဝန်းကျင်လောက် သူတို့က တစ်ရွာတစ်ယောက် လူဦးရေ အကန့်အသတ်နဲ့ ဖမ်းထားတယ်လို့ အဲ့လိုကြားတယ်ပေါ့နော။ ၈ ဦးအနက် ၆ ဦးကတော့ ပြန်လွှတ်လာပြီ နှစ်ဦးတော့ကျန်တယ် အဲ့လိုတော့ကြားတယ်။ အဲ့ နှစ်ဦးရဲ့အခြေအနေကိုလည်း ဘယ်လိုမှ မသိရသေးဘူး။ ဘာအကြောင်းကြောင့်ဖမ်းတာလဲ ဘာကိစ္စကြောင့်ဖမ်းတာလဲ အဲ့ဒါမသိရသေးဘူး ပြန်လွှတ်တဲ့သူတော့ အဲ့လိုပဲပြောတယ်။”လို့ ဗိုလ်ရထားက ပြောပါတယ်။

ခလရ ၄၄၂ တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန် ဖုန်းစစ်ဆေးခံရပြီး လူမှုစာမျက်နှာဖြစ်တဲ့ ဖေ့ဘွတ်ကို အဓိကထား စစ်ဆေးသလို မင်္သကာတဲ့ ဖေ့ဘွတ်စာမျက်နာ သူငယ်ချင်းဖြစ်ထားသူအကြောင်းကိုလည်း မေးမြန်းတာတွေ နာမည်၊ လိပ်စာ မေးမြန်းတာတွေ သေနတ်နဲ့ ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ ရက်နေ့မှာ မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်ရင်းမှ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့အထွက်ရှိ တောင်ယာအတွင်း သီးနှံရိတ်သိမ်းနေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ မိုးဗြဲပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်မှု ရှိခဲ့တဲ့အနက် ထက်ဝက်ကျော်လောက်က ပြန်လည်လွှတ်မြောက်ခဲ့ပေမယ့် ၇ ဦးမှာ သတင်းအဆက်အသွယ်မရရှိသေးဘူးလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

၈၀ ရာခိုင်နှုန်းသော တောင်သူထက်ဝက်ရဲ့ သီးနှံတွေကို ရိတ်သိမ်းထားပြီးပေမယ့် ကျန်တဲ့သီးနှံရိတ်သိမ်းနိုင်ဖို့အတွက် ဒေသခံပြည်သူမှ ရိတ်သိမ်းချိန်ကာလအတွင်း တိုက်ပွဲမဖော်ဖို့ အေးအေးချမ်းချမ်းရိတ်သိမ်းနိုင်ဖို့ တောင်းဆိုထားပြီး စစ်ကောင်စီတပ်မှ ဒေသခံပြည်သူကိုဖမ်းဆီးခေါ်ဆောင်မှု၊ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိကြီးစွာ သတိထားပြီး အသွားအလာဆင်ခြင်ကာ သတိဝိရိယနဲ့နေထိုင်ဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့လည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img