spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထီရိစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှုးအပါအဝင် စစ်သုံ့ပန်း ၅ ဦးကို စစ်ဆေးမေးမြန်းနေဆဲ

Author

Date

Category

လဲသျို့ ( ကန္တာရဝတီတိုင်း( မ် ) )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ ( PNO )တို့ အခြေချထိုင်ထားတဲ့ ထီရိဂိတ်စခန်းကို တက်ရောက်သိမ်းပိုက်ရာမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း၅ ဦးကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေဆဲဖြစ်ပြီး ပြန်လည်ချပြ သွားမယ်လို့ KNDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အရှင်ဖမ်းမိထားတဲ့ သုံ့ပန်း ၅ ဦးမှာ စစ်ကောင်စီတပ်မှ ဗိုလ်မှုးအဆင့်ရှိသူ အပါအဝင် ၂ ဦး နဲ့ ပအိုဝ်းပြည်သူ့စစ် တပ်သား PNO ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။

“ ဗိုလ်မှုး အဆင့်တစ်ဦးတော့ ပါတာပေါ့လေ။ လက်ရှိတော့ နာမည်တော့ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ သိရတဲ့ တစ်နေ့ကျလို့ရှိရင် ကျနော်တို့ ပြန်ပြီးတော့ ထုတ်ပြန်ပါ့မယ်။ ကျနော်တို့ အရှင်ဖမ်းမိတဲ့ စစ်ကောင်စီ နှစ်ဦးနဲ့ PNO သုံးဦးကို ကျနော်တို့ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့ဒီ ဗိုလ်မှုးကြီးတို့ရဲ့ အမည်နာမတွေ သူတို့ရဲ့ ဘယ်တပ်ကလဲ ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ အသေးစိတ် ပြန်လည်ပြီးတော့မှ ထုတ်ပြန် ပေးပါမယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လက်ရှိမှာတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားတာဖြစ်ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရရှိထားတဲ့အတွက် ဆေးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ KNDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

ထီရီဂိတ်စခန်းကို မေလ ၁၂ ရက်နေ့ မနက် ၄ နာရီအချိန်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ၊ ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ် ( Pekhon PDF ) တို့ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်ဘက် က ၂၀ ဦး သေဆုံးပြီး ၂ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတာရှိတယ်။ ၆၀ မမတို့ ၊ ၈၁ တို့ ပြီးတော့မှ RPGရယ် ပြီးတော့မှ သေနတ်စက်ကလေး အငယ်ရယ် ၊ ပြီးတော့မှ MA1 တို့ MA3 တို့အပါအဝင် အားလုံးပေါင်းလက်နက်က ၁၀ကျော်တယ်။ ကျနော်တို့ သိမ်းဆည်းရမိတယ်။” လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲဟာ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး မနက် ၆ နာရီကျော် တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ပစ်ခတ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေ့မှာပဲ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အနီးအနားရှိ စခန်းတွေမှာ ချက်ချင်းအင်အားဖြည့်တင်းနေတာတွေ ပြုလုပ်နေပြီး အနီးအနားဝန်းကျင်ရှိ ကျေးရွာဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts