spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထီးစဲခါးဂိတ်မှာ တပ်သားကိုထိုးကြိတ်တဲ့ ဒုဗိုလ်မှူးကြီး ပစ်သတ်ခံရ၊ ပစ်သတ်ခဲ့တဲ့ တပ်သား မိမိကိုယ်ကို အဆုံးစီရင်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ ခမရ ( ၅၃၀ ) တပ်အနီး ထီးစဲခါးဂိတ်မှာ ဒုဗိုလ်မှူးကြီး ဆိုသူက တပ်သားတစ်ဦးကို ထိုးကြိတ်ရာ တပ်သားမှ မကျေနပ်တဲ့အတွက် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် ထံကနေ သိရှိရပါတယ်။

မေလ ပထမပတ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခမရ (၅၃၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမြတ်မင်းသူ ဆိုသူက အရက်သောက်နေတဲ့ တပ်သားတစ်ဦးကို ထိုးကြိတ်၊ ရိုက်နှက်ခဲ့ရာမှ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပစ်သတ်ခံရသူမှာ လွိုင်လင်လေးမြို့ စစ်ကောင်စီတပ်အခြေစိုက် ခမရ ( ၅၃၀ ) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်မင်းသူ ဖြစ်တယ်လို့ ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြု ပြောကြားပါတယ်။

“ထီးစဲခါးမှာနေတဲ့ကလေးက ကလေးတစ်ယောက် သူ့ရဲဘော်က အရက်မူးတယ်။ အရက်မူးတော့ သူ့တပ်ရင်းမှူးက သူ့ကိုသွားထိုးတယ်။ ကန်တယ်ပေါ့လေ။ ထိုးကန် ကြိမ်းမောင်းပြီးတော့မှ အဲ့ကလေးက အရက်မူးတယ်ကော သွေးဆူပြီးတော့မှ အဲဒီတပ်ရင်းမှူးကို နောက်ကျောမှာလား ရှေ့မှာလားမသိဘူး ပစ်သတ်လိုက်တယ်ပြောတယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

တပ်ရင်းမှူးကိုပစ်သတ်ပြီးတဲ့နောက်မှာလည်း အဲဒီတပ်သားဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။

ထီးစဲခါးဂိတ်မှာ အခြေချတဲ့ စစ်ကောင်စီတပ်သားတွေဟာ သွားလာတဲ့ အရပ်သားပြည်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကားနဲ့ သွားလာသူတွေကိုတော့ အရက်ဖိုးဆိုပြီး ငွေတောင်းတာတွေ ပြုလုပ်လေ့ရှိတယ်လို့ လွိုင်လင်လေးမြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

“ထီးစဲခါးဂိတ်မှာဆိုရင် ဆိုင်ကယ်နဲ့ဆိုရင်တော့ ဒီအတိုင်းသွားခိုင်းတယ် ကားနဲ့ဆိုရင်တော့ အရက်ဖိုးတောင်းတယ် လေး၊ ငါးထောင်လောက်။ တစ်ခါနဲ့တစ်ခါတော့ မတူဘူးပေါ့။ မနက်အစောကြီးသွားရင်တော့ အထွက်ပေါ့ သိပ်မစစ်ဘူး လွိုင်လင်လေးထဲ ပြန်ဝင်တဲ့အခါဆို ပိုစစ်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထီးစဲခါးဂိတ်ဟာ ကရင်နီ-ရှမ်းနယ်စပ်အနီးမှာတည်ရှိနေတာဖြစ်ပြီး နယ်နမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်နဲ့ လွိုင်ကော်မြို့ကို ဆက်သွယ်ထားတဲ့ လွိုင်ကော်- ဆီဆိုင် လမ်းမကြီးပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts