spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီကနေ့ မနက် ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဗုံးကြဲတိုက်ခိုက်ခံရ၊ အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့  (နို၀င်ဘာလ ၁၁ရက်) မနက် ၉နာရီ ဝန်းကျင်အချိန်မှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကျေးရွာ တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ် နှစ်စင်း နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

” ပစ်ခတ်မှုမှာက လေယာဥ်ခါကျတော့ (လေယာဉ် ဗုံးကြဲမှု)  အိမ်တစ်လုံးတော့ ထိသွားတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းလည်း ထိသွားတယ်ပေါ့နော။ ပွိုင့် ဖိုက် နဲ့ ပွိုင့် အိန့် နဲ့ပစ်တာကတော့ အိမ် ခုနှစ်လုံးနီးပါးလောက်ထိကုန်တယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဗုံးသီး၂လုံးနဲ့ ဗုံးကြဲခဲ့တဲ့အပြင် လေယာဥ်ပေါ်ကနေ ပွိုင့် ဖိုက် နဲ့ ပွိုင့် အိန့် လို့ယူဆရတဲ့ လက်နက်ကျည်တွေနဲ့ ပစ်ချလာတာဖြစ်ပြီး အထိခိုက်ပျက်စီးမှုအများစုက ပွိုင့်5 နဲ့ ပွိုင့် 8 ကျည်ကြောင့် ဖြစ်တယ်လို့လည်းဆိုပါတယ်။

” ရွာထဲမှာနေတဲ့လူခါကျတော့ ၂ လုံးကျဲတယ် သူတို့ပြောတယ်။ အတိကျရအောင်ဆိုတော့ ကျနော်တို့က ခုန တောင်ပေါ်တက်ပြီး လိုက်ရှာကြည့်တယ်။ မတွေ့ဘူးပေါ့နော။သို့ပေမဲ့လည်း အဲဒီနားမှာ သစ်ပင်တွေဘာတွေကျိုးတာရှိတယ်။ဒါပေမယ့် ဘယ်နားသွားကျလဲ တော့မသိဘူး ” လို့ သူက ဆက်ပြောပါတယ်။

ထိုပစ်ခတ်မှုအတွင်း နေအိမ် (၇)လုံး ၊ စပါးကျီ နဲ့ ထော်လကျီတစ်စီး ထိမှန်တာတွေရှိခဲ့ပြီး ဒေသခံ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။

ယမန်နေ့ (နို၀င်ဘာလ ၁၀ရက်) မွန်းလွဲ (၁) နာရီကျော်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာ လူထုသွားလာအသုံးပြုနေတဲ့ လမ်းမကြီးပေါ် နဲ့ ဘေးဖက်နေရာတွေကို စစ်ကောင်စီက လေယာဥ်နှစ်စင်းနဲ့ (၃)ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနဲ့ဝေးတဲ့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း လွိုင်ကော်မြို့ပြင် နေရာတွေမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြပြီး လေယာဉ်အသုံးပြုတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img