spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီကနေ့ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ ဗုံးကြဲခံရပြီး ကလေးငယ်အပါအဝင် ပြည်သူ(၆)ဦး ပွဲချင်းပြီးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဧပြီလ ၂၀ရက်) နေ့လည် ၁၁နာရီ ၅၂မိနစ် အချိန် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ မှာ စစ်ကောင်စီတပ်ကနေ လေယာဉ်ဗုံးကြဲခဲ့ပြီး (၅)နှစ်အောက် ကလေးငယ်အပါအဝင် ပြည်သူ(၆)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

“ ဗုံးကြဲတာက နေအိမ်တည့်တည့်ပေါ့ သူတို့နေတဲ့ နေအိမ် တည့်တည့်ကျလို့ ဒီ ဗုံးကျကတော့ ၂လုံးကြဲတာ ၂ကြိမ်ကြဲတာမျိုးမဟုတ်ဘူး။ တစ်ခါတည်းကို ၂လုံးကြဲတာ အဲ့လိုမျိုး။ “ လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

သေဆုံးသွားသူတွေကတော့ အသက် ၈၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၄၇နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆နှစ်အရွယ် ယောကျာ်းလေး တစ်ဦး နဲ့ အသက် ၂ နှစ်ရွယ် မိန်းကလေးတစ်ဦးတို့ဖြစ်ကြပြီး နေအိမ်တစ်လုံးထဲမှာနေထိုင်ကြတဲ့ မိသားစုဝင်တွေဖြစ်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ (၁၀)ဦး လည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ လေယာဉ်ဗုံးကြဲမှုကြောင့် ဒေသခံနေအိမ် (၂၀)ဝန်းကျင်လည်း ပျက်စီးသွားခဲ့ရပါတယ်။

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ဖက်မှာတော့ တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး ကုန်းသာကျေးရွာအနီးနားမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ သူတို့ ပြန်နေတာတော့ ကြာပြီ။ တိုက်ပွဲဖြစ်တာနဲ့တော့ နီးလားဆိုတာကတော့ တိုက်ပွဲက ၄၂၂မှာဖြစ်တာ ဒါပေမယ့် ကုန်းသာမှာကျတော့ ဒီတိုင်းပဲ ပြည်သူတွေ ပြန်နေကြတာ တခြားတိုက်ပွဲ အသေးအမွှားတွေတော့ မရှိဘူးပေါ့နော။ ဒီ ၄၂၂ ကလွဲရင်ပေါ့။ “ လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၁)ရက်နေ့ညမှာလည်း ဖယ်ခုံမြို့နယ်၊ အနောက်ဖက်ခြမ်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲခဲ့ပြီး ၃နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး၊ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img