spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီကနေ့ လွိုင်ကော်မြို့ပေါ်မှာ စျေးဆိုင်ဖွင့်ဖို့ စျေးသည်တွေ ဖိအားပေးခံရတာရှိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ( ဖေဖော်ဝါရီလ ၁ ) ရက်နေ့ လွိုင်ကော်မြို့ပေါ်က စျေးဆိုင်တချို့ စျေးဆိုင်ဖွင့်ဖို့ ဖိအားပေးခံရတာရှိတယ်လို့ လွိုင်ကော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

“ ကျမစျေးဝယ်ထွက်တော့ စျေးရောင်းနေတဲ့ စျေးသည်တွေ ပြောပြတာ။ တချို့ ထင်ရှားတဲ့ ဆိုင်တွေကို စည်ပင်က ခြိမ်းခြောက်ထားတယ်။ ဆိုင်မထွက်ရင် ဆိုင်ပိတ်ပစ်မယ်ဆိုတဲ့အတွက် ဆိုင်ဖွင့်တာပါတဲ့။ စည်ပင်နဲ့ မပတ်သက်ချင်လည်း ပတ်သက်နေရတဲ့ စျေးသည်တချို့ကိုပေါ့။ မနက်ပိုင်း ဆိုင်အဖွင့်ပြပြီး နေ့လည်ကျ သိမ်းပြန်နေကြတယ်။” လို့ လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပါတယ်။

လူစည်ကားတဲ့ဈေးတန်းတစ်ခုဖြစ်တဲ့ သီရိမင်္ဂလာတောင်ဈေးမှာတော့ ဈေးဆိုင်တချို့က ဒီကနေ့မှာ ပိတ်ထားရှိတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အပြင်မထွက်ပဲ အသံတိတ်သပိတ် ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြတာရှိပါတယ်။

“လွိုင်ကော်မြို့ပေါ်က စျေးဆိုင်တချို့တွေတော့ ဖွင့်ထားနေပေမယ့် တော်တော်များများကတော့ ပိတ်ထားပါတယ်။ အများစုက အသံတိတ်သပိတ်မှာပါဝင်တယ်လို့လည်း ပြောလို့ရပါတယ်။ ခါတိုင်း နေ့ခင်းလိုအချိန်မှာ အသွားအလာရှိသလောက် ဒီနေ့မှာတော့ သိပ်မတွေ့ရဘူးလေ။ ” လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့ပေါ်က လူစည်ကားရာနေရာတွေမှာလည်း အသွားအလာနည်းပါးနေတယ်လို့ သိရပါတယ်။ မနက်ပိုင်းမှာတော့ စစ်ကောင်စီက မြို့တွင်း ကားနဲ့ လှည့်လည်တာရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာပဲ လွိုင်ကော်မြို့ပေါ် တစ်နေရာမှာ စစ်ကောင်စီအာဏာသိမ်း (၂)နှစ်ပြည့် ဆန့်ကျင်လှုပ်ရှား‌တဲ့ အသိပေးစာ‌​တွေ ကပ်ထားတာကို တွေ့ရှိရတယ်လို့ JFK လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ပြည့်မှာ ကရင်နီပြည်နယ်က နေရာတချို့တွေမှာတော့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေကြတာတွေလည်း ရှိပါတယ်။

spot_img
spot_img

Recent posts