ဒီမော့ဆိုမြို့ စံပြ၆မိုင်တိုက်ပွဲမှာ PDF တစ်ဦးကျဆုံး

0
1303

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ စံပြ၆မိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၃ရက်နေ့ နံနက်၈နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲ ၄နာရီကြာ ဖြစ်ပွားခဲ့ပြီး PDF တစ်ဦးကျသွားတယ်လို့ သိရပါတယ်။

“ဒီရက်ပစ်ခတ်မှုကတော့ ကျတော်တို့ဖက်က လူငယ်တစ်ယောက်ကျတယ် စနိုက်ဘာမိလို့ ဒဏ်ရာရတဲ့သူတော့မရှိဘူး” လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရဲ့ သတင်းနှင့်ပြန်ကြားရေး ပြော​ရေးဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ နံနက် ၂နာရီအချိန်ခန့်က တင့်ကား၂စီး၊ အင်အားအပြည့်ပါတဲ့ စစ်ကား ၁၀စီးခန့်ကို ဒီမော့ဆိုတိုက်ပွဲမှာအင်အားဖြည့်ရန် လွိုင်ကော်မြို့ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်က နေရာယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဖက်က လွိုင်ကော်အခြေစိုက်အမြှောက်တပ်ကနေ လက်နက်ကြီး ၊ အမြှောက်တွေနဲ့ ပစ်ခတ်ကူပြီး မြေပြင်မှာလည်း ဘုရားကျောင်း၊ နှစ်ထပ်အဆောက်အအုံတွေမှာ စနိုက်ပါနဲ့ ပစ်ခတ်နေတယ်လို့ မြေပြင်မှာရောက်ရှိနေသူတစ်ဦးထံက သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး အင်အားမမျှတာကြောင့် PDFအဖွဲ့ ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၃ရက်နေ့ လွိုင်ကော်လေဆိပ်မှာ ၅ကြိမ်ထက်မနည်းတဲ့ လေယာဥ်အတက်အဆင်းရှိခဲ့သလို လွိုင်ကော်မြို့ရှိ လမ်းအချို့ကိုလည်း ပိတ်ထားလိုက်တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။