spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုက စစ်ရှောင်စခန်းတွေမှာ ရာသီသွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တွေဟာ မိုးတွင်းကာလမှာ ခြင်ထောင်မလုံလောက်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေကြတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ စစ်ရှောင်တွေဆီကနေတဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက သွေးလွန်တုပ်ကွေးရောဂါတွေအဖြစ်များခဲ့ပြီး၊ ယခုအချိန်ထိ အဖြစ်များနေဆဲလို့ သိရပါတယ်။

မိုးတွင်းကာလ စတင်ရောက်ရှိချိန်ကတည်းက အချိန်မီ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မလုပ်ဆောင်နိုင်ကြတာကြောင့်၊ ခုခံအားနည်းတဲ့သူတွေနဲ့ ငါးနှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များကြတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)ရဲ့ အတွင်းရေးမှူး – ၂ မော်ဖရေမြာက ပြောပါတယ်။

“မိုးတွင်းကာလလည်းဖြစ် မိုးဆက်တိုက်လည်းရွာတော့ ခြင်တွေပေါ၊ အိမ်သာအသုံးပြုမှုလည်း ရေအဆင်မပြေ၊ ခြင်ထောင်လည်းမရှိ။ အများအားဖြင့် ငါးနှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အို ခုခံအားနည်းတဲ့အရွယ်တွေ အဖြစ်များတယ်။ ရောဂါခံရှိတဲ့သူဆို ပိုကူးမြန်တယ်။ ဘာလို့ဆိုရင် ဒီကာလက ရောဂါကာကွယ်စေတဲ့ အစာအာဟာရတွေ လုံလောက်စွာမစားနိုင်တာလည်း ပါတယ်ပေါ့။”လို့ မော်ဖရေမြာက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတွေမှာ လိုအပ်တဲ့ ဆေးဝါးတွေ မရှိဘူးလို့ စစ်ရှောင်ကူညီသူတွေထံကနေ သိရပါတယ်။

“အခု ဒီမော့ဆို အနောက်ဘက်ခြမ်းမှာ ၁၀ နှစ်အောက်ကလေးတွေ သွေးလွန်တုပ်ကွေးအများကြီးဖြစ်နေတယ်။ ဆေးဝါးကုသမှုတွေ မလုံ‌‌လောက်ဘူး။ အဲ့ဒီ အခြေအနေတွေရှိနေတယ်။” လို့ စစ်ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

စစ်ရှောင်စခန်းအများစုဟာ သောက်သုံးရေအတွက် သိုလှောင်ထားတဲ့မိုးရေကိုသာ အသုံးပြုနေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကျရေကိုသာ အသုံးပြုရတဲ့သူတွေလည်းရှိနေတာကြောင့် ကျန်းမာရေး ထိခိုက်တာတွေရှိနေတယ်လို့ သိရပါတယ်။

“နွေဆိုရေရှားပါး၊ မိုးတွင်းဆို ရေမသန့်၊ တောင်စောင်းရေပါလာတော့ မြေကြီးရေလိုဖြစ်နေတယ်။
အညစ်အကြေးပါလာတဲ့ရေဖြစ်နေတော့ သုံးရတာ ကျန်းမာရေးကို ညီညွတ်မှုဖြစ်မနေဘူး” လို့ မော်ဖရေမြာက ဆိုပါတယ်။

စစ်ရှောင်စခန်းအများစုမှာ ဆေးခန်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေ သီးသန့်မရှိပဲ၊ နယ်လှည့် ဆေးကုသပေးတဲ့ အဖွဲ့တွေလာမှသာ လိုအပ်တဲ့ ဆေးဝါးတွေကို ရရှိတယ်လို့ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို စစ်ရှောင်ကူညီရေးအဖွဲ့တွေက အသိပညာပေးထားတယ်လို့ သိရပါတယ်။

“ဒီခြင်ကိုက်မခံရ‌အောင် ကာကွယ်ခြင်း က နံပါတ်တစ် အရေးကြီးဆုံးပဲ။ ကလေးတွေကို ခြင်ထောင်နဲ့ အိပ်ဖို့ပေါ့နော။ ခြင်ထောင်နဲ့အိပ်ဖို့၊ ခြင်နှိမ်နင်းဖို့ ‌ပေါ့နော။ ခြင်နှိမ်နင်းဖို့ဆိုတာ ပိုးလောက်လမ်း အဆင့်ကတည်းက နှိမ်နင်းနိုင်ဖို့ လိုတာပေါ့။ ဥပမာ ဖုံး၊ သွန်၊ လဲ ၊ စစ် တွေလုပ်ရတာပေါ့နော။”လို့ ကျန်းမာရေးဆရာဝန်တဦးက ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကတော့ အဖျားကြီးခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အဆစ် နာကျင်ခြင်း၊ ကိုယ်ခန္ဓာတွင် အနီစက်များထွက်ခြင်း စတဲ့ လက္ခဏာတွေကို ပြလေ့ရှိပါတယ်။

spot_img
spot_img

Recent posts