spot_img
Sunday, September 24, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ လူထိခိုက်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ မနက် ၂နာရီဝန်းကျင်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင် စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၂နှစ် ၁၀လအရွယ် ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သိရပါတယ်။

“ဒေသခံ ရွာခံတွေရှိတယ်။ ဒါပေမယ့် အများစုက ရွာထဲမှာ စစ်ဘေးရှောင်တွေပဲ။ လာကြဲတာက စစ်ဘေးရှောင်စခန်းပေါ့။ ရွာပတ်လည်လည်မှာနေကြတာပေါ့။ စခန်းတွေထောင်ကြတယ် စာသင်ကျောင်းတွေဆောက်ကြတယ်။ လာပစ်တာတော့ စာသင်ကျောင်းကို ပစ်သွားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ မနက်စောပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံး၊ ပေါင် ၁၀၀ နှစ်လုံး နဲ့ လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂နှစ် ၁၀လအရွယ် ကလေးတစ်ဦးနဲ့ ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ရှောင်ကလေးတွေ စာသင်ကြားတဲ့ စာသင်ကျောင်းဆောင်နဲ့ စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရှောင်စခန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်သလို ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ဦးထိမှန်သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။ စစ်ကောင်စီက အရပ်သားရှိရာနေရာတွေကို အိပ်စက်တဲ့အချိန်တွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြောပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီကနေ လေကြောင်းနဲ့တိုက်ခိုက်မှု အရေအတွက် (၅၂၇)ကြိမ် ရှိတယ်လို့ ဖော်ပြထားပါတယ်။

Recent posts