spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်က ပွန်ချောင်းစစ်ရှောင်စခန်းကို ပြန်လာနေထိုင်ကြတဲ့ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်ကြုံနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၁ လေးလုံး စစ်ဆင်ရေး စတင်ပြီးတဲ့နောက် ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်ကို တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ဒီးမော့ဆိုမြို့နယ်အတွင်းက ပွန်ချောင်းစစ်ဘေးရှောင်စခန်းကို ပြန်လာနေထိုင်ကြပြီး၊ လက်ရှိမှာ စားနပ်ရိက္ခာအခက်အခဲကြုံနေကြတယ်လို့ ပွန်ချောင်းက စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ပွန်ချောင်းက ရှိနှင့်ပြီးစစ်ရှောင်တွေမှာ စားနပ်ရိက္ခာအခက်ခဲရှိနေကြသလို၊ လက်ရှိမှာ ပြန်လည်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေ ထပ်တိုးလာတာကြောင့် အခက်ခဲပိုဖြစ်လာကြတယ်လို့ ပွန်ချောင်းက စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျမတို့ တရွာထဲဆို ၂၀၀ ဝန်းကျင်လောက်ရှိပြီ ဆင်းသွားတာ။ ခန့်မှန်းခြေအရပေါ့။ အတိအကျစာရင်းမသိသေးဘူး ဘာလို့လဲဆို ဖြေးဖြေးချင်း ပြန်ကြတာကော။ အခြားရွာတွေဆို တရက်တည်းနဲ့တောင် အကုန်ပျောက်ကြတယ်။ သူတို့အခက်ခဲတော့ရှိမှာဘဲ။ လွိုင်ကော်မှာ ကျန်ခဲ့တဲ့သူတောင် နေ့လည်စာနဲ့ ညနေစာပဲ စားတယ်။ အလှူရှင်တွေ ဝင်လာဖို့ အဆင်မပြေတော့ဘူးကော။ သူတို့ဖက်ဆို ပိုဆိုးပေါ့။ အဝင်အထွက်လည်း အဆင်မပြေလောက်တော့ဘူး”လို့ ပြောပါတယ်။

လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် လွိုင်ကော်မြို့ဒေသခံတွေအပြင် စစ်ဘေးရှောင်တချို့နဲ့ ဒေသခံတွေဟာ ကရင်နီပြည်ပြည်တွင်းက စစ်ဘေးရှောင်စခန်းတွေဆီကို ထပ်ဆင့်တိမ်းရှောင်နေကြရတာရှိသလို ရှမ်းပြည်နယ်ထဲကိုလည်း တိမ်းရှောင်နေကြရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးတဲ့နောက် ပွန်ချောင်းက စစ်‌ရှောင်စခန်းဖက်ကို တိမ်းရှောင်သွားကြသူများဟာ ကားတွေငှားသွားရတာဖြစ်ပြီး ကားခလည်း အရင်ကထက် စျေးတက်သွားတယ်လို့ ပွန်ချောင်းစစ်ဘေးရှောင်စခန်းဖက်ကို ပြန်သွားတဲ့စစ်ရှောင်မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတဦး က ပြောပါတယ်။

“မြို့အပြင်ထိဆို ငါးသောင်း‌လောက် တောင်းတယ်။ အဲ့ဒါက မြို့ပြင်ထိဘဲ။ ပွန်ချောင်းထိဆို ဘယ်လိုဖြစ်ဖြစ် သိန်းနဲ့ချီမှာပေါ့။ ဒီလွိုင်ကော်မှာ မရှုပ်ခင်ကတော့ အဲ့လောက်မရှိဘူး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ကရင်နီပြည်မှာ ဆက်သွယ်ရေးလိုင်းတွေ အားလုံးဖြတ်တောက်ခံရပြီး၊ ပွန်ချောင်းဖက်ကို တိမ်းရှောင်သူများအနေနဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် မိသားစုတွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလှူရှင်တွေလည်း မရောက်နိုင်တဲ့နေရာဖြစ်တာကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

နေ့စဥ်နဲ့အမျှလူဦးရေ ထပ်တိုးလာတာကြောင့် ပွန်ချောင်းစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ လက်ရှိလူဦးရေ စာရင်းကိုတော့ အတိအကျမသိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

ပွန်ချောင်းစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်လူထုတွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ပေါ်ကို တိမ်းရှောင်သွားခဲ့ကြပြီး၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ မြို့တွင်းတိုက်ပွဲကြောင့် ပွန်ချောင်းကို တဖန်ပြန်လည်တိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts