spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းကို ယမန်နေ့(ဩဂုတ်လ ၁၀ရက်) မှာ စစ်ကောင်စီက လေယာဉ်နဲ့ ၃ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားတွေထံကနေ သိရှိရပါတယ်။

ဩဂုတ်၂ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်ကြောနဲ့ အနီးအနားတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်မှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၄နာရီဝန်းကျင်အချိန်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီက ပေါင် ၅၀၀ တန်ချိန်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပျက်စီးမှုများပြားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲတာ နှစ်ခေါက်၊ သုံးခေါက်လောက်ပေါ့နော။ ပထမတစ်ခေါက်ကတော့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လာကြဲတယ်။ အဲ့ချိန်လာကြဲတာကတော့ တိုက်ပွဲဖြစ်တဲ့တကြော။ ဒီးမော့ဆိုသဲတောင်ဖက် တစ်ကြောပေါ့နော။ တိုက်ပွဲဖြစ်တဲ့တကြောမှာပဲ သူတို့ကြဲသွားတယ်။ နောက်ထပ်တစ်ခေါက် ၄နာရီ ၁၀မိနစ် ၁၅မိနစ်မှာ ထပ်လာကြဲတယ်။ ဒါမဲ့ အဲ့တစ်ခေါက်လာကြဲတော့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲနဲ့ ဒီအတိုင်း ကြဲသွားတယ်။ အဲ့မှာ လူအထိအခိုက်တော့မရှိဘူး ပစ္စည်းအထိအခိုက်တော့ အများကြီးရှိတယ်။ ပျက်စီးသွားတာတော့ အများကြီးရှိတယ်။”လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမဖြစ်ပဲ ညနေပိုင်းမှာ လာရောက် ဗုံးကြဲတိုက်ခိုက်တဲ့အချိန်မှာ ဒေသခံတွေက အချိန်မီ ပုန်းရှောင်လိုက်နိုင်တာကြောင့် လူထိခိုက်မှုမရှိပေမယ့် နေအိမ်၊ ဆိုင်ကယ်၊ ဆန်ရိက္ခာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာတွေရှိခဲ့ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို လက်နက်ကြီးပစ်ခတ်တာရှိပြီး အထိအခိုက်တော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

“ဒီမနက် ၉ နာရီခွဲမှာပဲ သူတို့(စစ်ကောင်စီ)က နှစ်ဆင့်ကွဲ လက်နက်ကြီးတွေနဲ့ သုံးကြိမ်ပစ်လာတယ်။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆို- ဖရူဆိုပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ ထိုးစစ်ဆင် စစ်ကြောင်းထိုးနေတာဖြစ်ပြီး အကျအဆုံးများတာကြောင့် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

“သူတို့(စစ်ကောင်စီ) ဒီလိုမျိုး တိုက်ပွဲဖြစ်ပွားတဲ့နေရာကို နှစ်ခေါက်လာကြဲပြီးတော့မှ နောက်တစ်ခါကျတော့ တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီတိုင်း နေနေတဲ့ နေရာကို ပြည်သူလူထုနေတဲ့နေရာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ဗုံးလာကြဲသွားတာ။ သူတို့လုပ်ရပ်ကို ကြည့်မယ်ဆိုရင် စစ်မြေပြင်မှာ သူတို့ စစ်ကောင်စီတွေ အကျအဆုံးများနေတယ်ဆိုတာ ပြောလို့ရတယ်ပေါ့နော။”လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ အနီးတစ်ဝိုက်ကို အရပ်သားလူထုတွေအနေနဲ့ ဖြတ်သန်း သွားလာမှု မပြုလုပ်ကြဖို့၊ စစ်ရေးသတိရှိကြဖို့ KNDF က တိုက်တွန်းထားပါတယ်။ တိုက်ပွဲအတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိအခိုက်ကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို တော်လှန်ရေးအင်အားစုတွေကလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။

spot_img
spot_img

Recent posts