spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲ နှစ်ရက် အတွင်း စစ်ကောင်စီတပ််မှအနည်းဆုံး ၃၀ ဝန်းကျင် သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ဒေါညေးခူကျေးရွာအနီး တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်တပ်က ၃၀ ဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့ကစပြီး ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာအနီး တောင်ကြောမှာ KA ၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။

“၁၆ရက်နေ့မနက်ပိုင်းစဖြစ်တယ် မနက် ၇နာရီလောက်မှာ။နောက်ပြီးတော့မှ နေ့လည်မှာ လေယာဉ်နဲ့လာပစ်ခံရတယ်။ ညနေ ၃ နာရီ ၄ နာရီကြားထဲမှာ တစ်ခါလေယာဉ်နဲ့လာပစ်ခံရတယ် အဲ့ဒါ ၁၆ရက်နေ့။ နောက် ၁၇ ရက်နေ့ည ၁၂ နာရီမှာ လာပစ်ခံရတယ် တစ်ခါပစ်တာ သုံးခေါက်လာပစ်တယ်ပြောတယ်။ နောက်ပြီးတော့ မနေ့ည ညနေ၅နာရီထိ လာပစ်တယ်လေ။ မနေ့ကလည်း သုံးခေါက်လာပစ်တယ်ပြောတယ်။ အဲ့ဒါ မနေ့ကထိမေးကြည့်တာတော့ အကျအဆုံးတော့ရှိတယ် အနည်းဆုံး ၂၀၊ ၃၀ လောက်ကျမယ်။ နောက်ပြီးတော့မှ ဒဏ်ရာတချို့ရတယ်။ လက်နက်လည်းရတယ်။” လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။

တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းအပါအဝင် RPG ၊ ငါးကြင်းမြီး၊ MA သေနတ်၊ ကျည်ဘောက်၊ ကျည်ဆံ၊ မိုင်းရှာစက်၊ မိုင်း၊ Laptop ၊ ဖုန်း စတဲ့ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း နှစ်ရက်တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) မှ ရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ရပါတယ်။

း စစ်ကောင်စီတပ်ဟာ ဧပြီလ ၁၆ ရက်နေ့ကစပြီး သုံးရက်ဆက်တိုက် လေကြောင်းပစ်ခတ်အသုံးပြုတိုက်ခိုက်ခဲ့သလို လက်နက်ကြီးအမြောက်အများပစ်ခတ်မှုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF ပူးပေါင်းတပ်ဖွဲ့ကနေ စစ်ကောင်စီတပ်ဖြစ်တဲ့ စကခ(၂) လက်အောက်ခံတပ်ရင်း၊ တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။

မတ်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၉၀ ဝန်းကျင်သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ဒေါတမကြီး၊ ဒေါညေးခူကျေးရွာအနီးမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။ အထိအခိုက်၊ သေဆုံးမှုများပေမယ့်လည်း အင်အားထပ်မံဖြည့်တင်းထားပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို နယ်မြေစိုးမိုးရေး ကြိုးစားနေတာဖြစ်တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။

“ နယ်မြေရှင်းလင်းရေးလေ၊ နယ်မြေရှင်းလင်းပြီးရင် နယ်မြေစိုးမိုးရေးလုပ်မယ် အဲ့လိုမျိုးပေါ့။ အဲ့ဒါသူ့ရဲ့ရည်ရွယ်ချက်လေ စစ်တပ်ကတော့ စကစ ကတော့။ နောက်ပြီးတော့မှ ရွေးကောက်ပွဲအတွက်လည်းပါမှာပေါ့။ ပထဝီအနေအထားအရ အဲ့ဒီဒေသက ကျနော်တို့ပဲဖြစ်ဖြစ် လူထုတွေပဲဖြစ်ဖြစ် လူထုတွေက ကျနော်တို့ ထောက်ခံမှုအများဆုံးကတော့ အဲဒီဂွင်ပဲကော။ နောက်ပြီးတော့မှ ကျနော်တို့တွေလည်း အဲ့မှာအခြေပြုတာရှိတယ်လေ။ အဲ့ဒီလမ်းကြောင်းကလည်း ဒီးမော့ဆိုကနေ ဘောလခဲထိဆိုတော့ အဲဒီလမ်းကြောင်းကလည်း စစ်ဖြစ်လာတော့ ပိတ်လိုက်ရတယ်ပေါ့။ အဲ့မျိုးလည်းပါတော့ နယ်မြေပြန်စိုးမိုးချင်တယ် နယ်မြေရှင်းလင်းရေးလုပ်တာပေါ့။” လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၉ ရက်နေ့ကစ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့အချိန်ထိဖြစ်ပြီး စစ်ကောင်စီတပ် မဆုတ်သေးသ၍တော့ ထိတွေ့တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေမယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။

spot_img
spot_img