spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းမှာ အစဉ်အလာမပြတ် ကရင်နီ ရိုးရာ ကေ့ထျိုးဘိုး ( ခေါ် ) တံခွန်တိုင်ပွဲ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတရွာမှာ ဧပြီလ ၁၀ ရက်နေ့ နဲ့ ၁၁ ရက်နေ့က ကရင်နီရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲကို အစဉ်အလာမပြတ်အကျဉ်းချုံးကျင်းပ ပြုလုပ်ခဲ့တယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။

အစဉ်အလာအရ ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင်ပွဲကို ၄ ရက် ကျင်းပလေ့ရှိကြပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေအရ ၂ ရက် ပြုလုပ်သွားကြပြီး ရိုးရာအရ ပူဇော်ပသတာ၊ ဗုံးမောင်းတွေနဲ့ ရိုးရာအက တင်ဆက်ခဲ့ကြတယ်လို့ ကျေးရွာခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အကျဉ်းချုပ်လို့ပဲပြောရမှာပေါ့နော်။ ဘာလို့လဲဆို နှစ်တိုင်းက လူစည်တန်းစည် တစ်ရက်လုံး၊ တစ်ညလုံးပျော်ပါး ပြီး ရိုးရာအကနဲ့အတူ ပျော်ပါးရတာလေ။ အခုက မဖြစ်မနေ ပွဲဆိုလည်း မမှားဘူးပေါ့။ အဲ့ဒါ ကျေးရွာကရှိတဲ့လူနဲ့ပဲ လုပ်ရတော့တယ်။ အခြေအနေကြောင့်လဲ ၂ရက်တည်းနဲ့ ပြီးအောင်လုပ်ရတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ဒေသခံအများစုဟာ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး ကေ့ထျိုးဘိုးပွဲကို ကျန်ရစ်တဲ့ ကျေးရွာခံတွေနဲ့ပဲ ကျင်းပဆင်နွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ပွဲကျင်းပပြုလုပ်နေစဥ် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ပျံဝဲတာလည်း ရှိခဲ့ပြီး လုံခြုံရေးအရ စိုးရိမ်ခဲ့ရတယ်လို့ ကျေးရွာခံ လူငယ်တစ်ဦးက အခုလို ပြောပါတယ်။

“စလုပ်တဲ့ရက်မှာပဲ ညဖက်မှာ လေယာဥ်လည်း လာဝဲသေးတယ် ၂ခေါက်။ အဲ့တာဆက်လုပ်ရမလား မလုပ်ရတော့ဘူးလားပေါ့။ စိတ်လည်းပူကြတယ်။ အခုလိုအခြေအနေက ကိုယ်ထိန်းသိမ်းရမဲ့ ရိုးရာပွဲတွေလည်း စိတ်အေးအေးနဲ့လည်း မလုပ်နိုင်တော့ဘူးလေ”လို့ ကျေးရွာခံ လူငယ်တစ်ဦးက ဆိုပါတယ်။

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို နှစ်စဥ် မတ်လ နဲ့ ဧပြီလအတွင်းမှာ ကရင်နီမျိုးနွယ်စုတွေ နေထိုင်ကြတဲ့ နေရာအသီးသီးမှာ ရိုးရာထိန်းသိမ်းတဲ့အနေနဲ့ အစဥ်အလာမပျက် ကျင်းပလျက်ရှိကြပါတယ်။ သို့ပေမယ့် ကိုဗစ်ကာလ နဲ့ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေအရ ကေ့ထျိုးဘိုး ပွဲတော်ကို ခမ်းခမ်းနားနား မကျင်းပနိုင်တော့ဘဲ အကျဉ်းချုံးသာ ကျင်းပပြုလုပ်နိုင်တော့တာ ဖြစ်ပါတယ်။

ကရင်နီပြည်တွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြတဲ့ ကရင်နီ ဒေသခံတွေဟာ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ရောက်ရှိတဲ့နေရာကနေ အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက် ရှိကြပါတယ်။

spot_img
spot_img

Recent posts