ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာ မိုးကာလိုအပ်နေဆဲဖြစ်ပြီး၊
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ရှောင်တွေဟာ ပေါက်ပြဲနေတဲ့ တဲအိမ်တွေမှာ နေထိုင်ကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
မိုးကာ မလုံလောက်တာကြောင့် မိုးကာအဟောင်းကိုသာ ပြန်ထပ်ကာ အသုံးပြုရသလို၊ မိုးရွာတဲ့အချိန် မိုးကာမလုံတဲ့အတွက် အိပ်စက်ချိန် နဲ့ ချက်ပြုတ်စားသောက်ချိန်တွေမှာ အခက်အခဲရှိတယ်လို့ စစ်ရှောင်စခန်းတခုရဲ့ ဥက္ကဌက ပြောပါတယ်။
” အခက်ခဲကတော့ အများကြီးကြုံနေရတယ်ပေါ့။ ကျနော်တို့က နေပူတယ်နေသာတယ်ဆိုတဲ့ရက်ကတော့ သိတဲ့အတိုင်းပဲ တဲတိုင်းလိုလိုကလည်း မိုးကာတွေလိုအပ်နေကြတယ် ပေါက်ကြတယ်ပေါ့။ မိုးကာအဟောင်းတွေနဲ့ပဲ ထပ်ထပ်နေကြတယ်။ နေသာတဲ့ရက်ဆိုတော့ အဆင်ပြေပါတယ်။ ခုကမိုးတွင်းကာလဆိုတော့ မိုးရွာတော့ကျနော်တို့ ထပ်ထားတဲ့မိုးကာလည်း အဟောင်းတွေပဲဖြစ်နေတယ်။ကျနော်တို့ထပ်သလောက်လည်း တချက်လောက်ပဲ ယာယီလောက်ပဲ သူပိတ်ထားနိုင်တယ်။ အဲ့ဒီကြားမှာဆို မိုးရွာရင်တော့ သူဝပ်ဝပ်ပြီးမှတော့ သူစီးဆင်းတယ် ပြီးတော့ စိမ့်ကျတာပါပဲ။ အထူးသဖြင့် ညအချိန်ဆိုပိုဆိုးတယ် အိပ်ကောင်းနေချိန်တန်းလန်းနဲ့ မိုးကရွာတော့ မိုးတွေယိုလာတယ်။” လို့ စစ်ရှောင်ဥက္ကဌက ဆက်ပြောပါတယ်။
စစ်ရှောင်တွေဟာ ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့အပြင်၊ စားသောက်ရေးအတွက်သာ အဓိက စုဆောင်းဝယ်ယူနေရတာကြောင့် မိုးကာမဝယ်ယူနိုင်ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။
မိုးကာတထည်ကို ခြောက်လဝန်းကျင်သာ ကောင်းကောင်းအသုံးပြုလို့ရပြီး၊ အရင် သုံးထားတဲ့ မိုးကာတွေက ဆွေးမြည့်ပြီး ပြဲသွားတဲ့အတွက် အမိုးမလုံတော့ဘူးလို့ ဆိုကြပါတယ်။
စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်းမှာ လိုအပ်ချက်ရှိတဲ့အပြင်၊ မိုးရာသီကာလမှာလည်း မိုးကာ လိုအပ်ချက်က မြင့်မားနေတယ်လို့ ဥက္ကဌက ဆက်ပြောပါတယ်။
” ဒီမိုးရာသီကာလဆိုတော့ အများအားဖြင့်ကတော့ ကျနော်တို့ မိုးကာပိုင်းနဲ့ပတ်သက်ပြီးတော့ တဲတွေအမိုးလုံမှပဲ ကျနော်တို့အိပ်စက်လို့အဆင်ပြေတယ်ပေါ့။ ကျနော်တို့ တောတောင်ကြားမှာဆိုတော့ အဓိကက မိုးကာတွေ အဓိက နံပါတ်တစ်အချက်ဖြစ်နေတယ် လောလောဆယ် မိုးကာတွေလိုအပ်နေပါတယ်။” လို့ စစ်ရှောင်စခန်း ဥက္ကဌက ဆိုပါတယ်။
စစ်ရှောင်စခန်းတိုင်းလိုလိုက မိုးကာလိုအပ်ချက်ရှိနေပြီး အိမ်ခြေ ၅၀ အတွက် အရေးပေါ်လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေရဲ့ တဲအိမ်အပြင် ဘုရားရှိခိုးဆောင်၊ စာသင်ကျောင်းဆောင်တွေလည်း မိုးကာပေါက်ပြဲနေတာရှိတယ်လို့ သိရပါတယ်။
ယခုလက်ရှိ မိုးကာတထည်ဈေးမှာ ၁၅ ပေ ပတ်လည်ကို (၃၀၀၀၀)၊ ၁၈ ပေ ပတ်လည်ကို (၄၀၀၀၀)၊ ၂၄ ပေ ပတ်လည်ကို (၆၀၀၀၀)ကျပ် ပေးဝယ်ရတယ်လို့ သိရပါတယ်။ အရင်က အလှူရှင်တွေ လာရောက်လှူဒါန်းပေးတာရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ အလှူရှင်တွေ လာရောက်လှူဒါန်းပေးတာ နည်းပါးလာတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။