ကန္တာရဝတီတိုင်း( မ် )
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တနေရာကို စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ လာရောက်ဗုံးကြဲခဲ့သလို လက်နက်ကြီးတွေနဲ့လည်း အမြောက်အများ ပစ်ခတ်နေ တယ်လို့ အဲ့ဒီမှာ နေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“လေယာဉ်လာပစ်တာက ဒီနေ့ မနက်ပိုင်း ၉နာရီကနေစပစ်တယ်ပေါ့နော။ ဒီကနေ့ မနက် ၉နာရီခွဲဝန်းကျင်မှာ သူတို့လေယာဉ်နဲ့ စလာတယ်။ ပြီးတော့ လေယာဉ်နဲ့ ပစ်တယ်ပေါ့နော။ ပြီးတော့ သူတို့ ၉နာရီခွဲကနေ ၁၁ နာရီအထိ သူတို့ လေယာဉ်နဲ့ပစ်တယ်ပေါ့နော။ ပြီးတော့ လေယာဉ်ရဲ့ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ပေါ့နော။ လေယာဉ်ပါလက်နက်ငယ်တွေနဲ့ သူတို့ ပွိုင့် 8 လို့ ပြောကြတယ်။ အဲဒါတွေနဲ့လည်းပစ်သွားတယ်ပေါ့နော။ ၉နာရီခွဲဝန်းကျင်ကနေ ၁၁ နာရီအတိ ပေါ့နော။ ပြီးတော့ အဲဒီနောက်ပိုင်း ၁၁ ခွဲကနေပြီးတော့ ၁နာရီခွဲကျော် ၂ နာရီထိုးခါနီးအထိကတော့ နောက်တစ်ခေါက်လာပစ်သွားတယ်ပေါ့နော။ လေယာဉ်နဲ့။” လို့ လေယာဥ်နဲ့ ပစ်ခတ်ဗုံးကြဲခံရတဲ့ အနီးမှာ နေထိုင်သူတစ်ဦး က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
လေကြောင်းနဲ့ လာရောက်ပစ်ခတ်တဲ့အချိန်မှာလည်း စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်လာတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်လေယာဉ်နှစ်စီးနဲ့ ၁၀ ကြိမ်ခန့် ပျံသန်းပြီး ၆ ကြိမ်ခန့် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး အဲဒီထက်လည်း ဒဏ်ရာရသူပိုများနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
“ထိခိုက်သွားတာကတော့ ပထမတစ်ခေါက်ပစ်တဲ့အချိန်မှာတော့ လူနှစ်ယောက်ပေါ့နော။ ကားဝပ်ရှော့က ပြည်သူနှစ်ယောက်ထိခိုက်သွားတယ်ပြောတယ်။ တစ်ယောက်က ကျောကုန်းမှာထိတယ်။ တစ်ယောက်က တင်ပါးမှာထိတယ်။ ထိတဲ့အနီးအနားတစ်ဝိုက်မှာပေါ့နော။ ကားဝပ်ရှော့တွေ အနီးအနားရှိတော့ ကားတွေ တော်တော်များများကို ထိခိုက်သွားတယ်။ ကားအားလုံးထိတာကတော့ ကားအားလုံးပေါင်း ၃၈ စီးကျော်ကျော်ပေါ့နော။ ၃၈ စီးကျော်လောက်ကတော့ ကားမှန်တွေကွဲတာတို့ ကားတွေ လက်နက်ကြီး ရှပ်ထိတာတို့ အဲဒီလိုမျိုးတွေ တွေ့ရတယ်။ ကျနော် လိုက်ရေကြည့်တာပေါ့နော။” လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေ လေကြောင်းတွေနဲ့ ပစ်ခတ်တဲ့အတွက် ဆိုင်ခန်းတွေ၊ လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတာလည်းရှိနေတယ်လို့ သိရပါတယ်။
“လေယာဉ်တွေလာတဲ့အချိန်မှာ ဗုံးခိုကျင်းထဲပြေးဝင်ရတယ်။ ကလေးတွေနဲ့ အဒေါ်တွေနဲ့ နေရတယ်ကော စစ်ဘေးရှောင်မှာ လေယာဉ်လာလိုက် ပြေးဝင်လိုက် လက်နက်ကြီးအသံကြားလိုက် ပြေးဝင်လိုက် အဲဒီလိုမျိုးပဲ လုပ်ခဲ့ရတယ်။” လို့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကို ကြားရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ည ၁၁ နာရီအချိန်မှာလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လာရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ယခုနောက်ပိုင်းမှာ လေကြောင်းအသုံးပြုပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာတွေ လုပ်ဆောင်နေပါတယ်။