spot_imgspot_imgspot_imgspot_img
Saturday, May 24, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာမှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကျေးရွာအပြန်လမ်းမှာ မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ နွေဦးဂုရုလေးများအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဖြစ်စဥ်က မနေ့ကပေါ့နော်။ ဒါပေမဲ့ ကုသမှုကတော့ နွေဦးဂုရုလေးများကနေပြီးတော့ တာဝန်ယူဆောင်ရွက်တယ်ပေါ့နော်။ ထိခိုက်မှုအခြေအနေက အသက်အန္တရာယ်ဆုံးရှုံးတာတော့မရှိဘူး။ ခြေထောက်တစ်ဖက်တော့ လက်ရှိမှာ ဆုံးရှုံးရတယ်လို့‌တော့ ကျနော်တို့သိရတယ်ပေါ့နော်” လို့ နွေဦးဂရုလေးများအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ အဆိုပါ အမျိုးသားကို နွေဦးဂုရုလေးများအဖွဲ့မှ ဆေးကုသမှုပေးခဲ့ပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ ယခင်က စစ်ကောင်စီ တပ်စွဲနေရာယူခဲ့ပြီး မြေမြှုပ်မိုင်းထောင်ထားခဲ့တာဖြစ်ပါတယ်။
စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဟာ နေရပ်ပြန်ရင်း စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရမှုအပြင် အသက်သေဆုံးသူလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် ညာခြေတစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။

spot_img
spot_img