ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ (ဖေဖော်ဝါရီလ ၁ရက်) မနက် ၁၁ နာရီအချိန်မှာ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းကို ခံရတဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒီးမော့ဆို PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
DMO- Local PDF တပ်ရင်း(၂)နဲ့ KNDF တပ်ရင်း (၁) တို့ ဒီးမော့ဆိုမြို့နယ်တစ်နေရာမှာ နယ်မြေရှင်းလင်းရေး လုပ်နေစဉ် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ ကျနော်တို့ စစ်ဒေသ ၂ မှာ ကျနော်တို့ ရဲဘော် နယ်မြေရှင်းလင်းရေးလုပ်နေစဉ် လည်လှီးဖြတ်ခံရတဲ့ အလောင်းတစ်လောင်း တွေ့တယ်ပေါ့နော။ တွေ့တဲ့ပုံစံကတော့ သူ့အိမ်ကလည်း စစ်ကောင်စီနဲ့နီးတော့ သူ့အိမ်မှာ ပစ္စည်းတွေ ဘာညာ ပြန်လာယူတဲ့ အနေအထားမျိုးပေါ့နော။ သေနတ်ပစ်ခံရတယ် သူ့ခြေထောက်ပေါ့။ သူက တော်တော်လေး အဝေးရုန်းပြီး ထွက်လာတဲ့ အနေအထားမျိုးရှိတယ်။ အဲ့တော့ ကျနော်တို့ နယ်မြေသွားရှင်းလင်းတော့ ရုန်းရင်းနဲ့ စစ်ကောင်စီက ပြေးပြီးတော့ သူ့ဆီလည်သွားလှီးတဲ့အနေအထားမျိုးပေါ့။ ကျနော်တို့ အဲ့လိုပဲမြင်ရတယ်ပေါ့နော။ သူ ပစ်ခံရတဲ့ နေရာတော့ ကျနော်တို့ မသိဘူး။ ဒါပေမယ့် သူ ရုန်းလာတဲ့လမ်းတော့ တော်တော်လေး ဝေးတယ်လို့ ကျနော်တို့ခန့်မှန်းရတယ်ပေါ့နော။ “ လို့ ဒီးမော့ဆို PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သတ်ဖြတ်ခံထားရသူက အသက်(၃၃)နှစ်အရွယ် ဦးဆေးဗျားထာ(ခ)တွယ်တွယ် ဖြစ်ပြီး သေဆုံးတဲ့ အနေအထားက (၂)ပတ်ကြာမြှင့်နေပြီလို့ ခန့်မှန်းထားပါတယ်။ ရုပ်အလောင်းကို ပူးပေါင်းတပ်ဖွဲ့တွေက ခရစ်ယာန်ထုံးတမ်းစဥ်လာနဲ့အညီ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့ကနေ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကောင်စီနေတဲ့ အိမ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ၊ စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တာတွေလည်း ရှိခဲ့ပြီး စစ်ကောင်စီ အထိအခိုက်တော့ မသိရှိရဘူးလို့ သူက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးပြုလုပ်နေပေမယ့် စစ်ကောင်စီတပ်ကနေ မြေမြုပ်မိုင်း အများအပြားထောင်တာရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ နေအိမ်ပြန်လာခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
