spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ငွေချေးငှားပြီး ရေဝယ်ယူသုံးစွဲနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီး‌မော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နွေရာသီရောက်လာတာနဲ့အမျှ ရေရှားပါးမှု ပြဿနာကို ကြုံတွေ့လာကြပြီး လက်ရှိမှာ ရေသုံးစွဲနိုင်ဖို့ ငွေ ချေးငှားပြီး ဝယ်ယူဖြေရှင်းနေရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

ရေချောင်း၊ ရေမြောင်းနဲ့နီးတဲ့ စခန်းတွေဟာ အနည်းစုသာရှိတာကြောင့် ရေချောင်းတွေနဲ့ ဝေးတဲ့ စစ်ရှောင်စခန်းအားလုံးနီးပါးဟာ ရေရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေကြတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အသင်းဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တချို့စခန်းတွေက ရေထွက်ပေါက် နဲ့ ၂/၃ မိုင်ထိ ဝေးတဲ့ စခန်းတွေရှိတယ်။ တချို့က ၁ မိုင်တို့ဝေးတဲ့ဟာမျိုးတွေပေါ့နော်။ ဆိုတော့ သွားခပ်ဖို့က စစ်ရှောင်စခန်းမှာ နေတဲ့သူတွေ တော်တော်များများက မလွယ်ဘူးပေါ့နော်။ အများစုက ခုနပြောသလို ရေဝယ်ကြတယ်ပေါ့နော်။ ရေဝယ်ပြီးမှ ဖြေရှင်းကြတယ်။ တချို့လူတွေက ပိုက်ဆံချေးပြီးမှ ဝယ်တဲ့ စစ်ဘေးရှောင်တွေလည်း ရှိတာပေါ့နော်။ ဆိုတော့ အများကန် ဆိုလည်း ဘယ်လောက်မှ မဆံ့ဘူးပေါ့နော်။ ပြီး အလှူရှင်တွေလည်း ပုံမှန်မရှိဘူး။ ကန်တိုင်းလိုလို မပေးနိုင်ကြဘူးပေါ့ အလှူရှင်လည်း။” လို့ သူက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေ များတာကြောင့် အလှူရှင်တွေဟာ စခန်းတိုင်းကို မလှူနိုင်ကြဘူးလို့ သိရပါတယ်။
စစ်ရှောင်ကူညီသူတွေအနေနဲ့လည်း လက်လှမ်းမှီသလောက် တစ်လကို စခန်းလေးခုဝန်းကျင်သာ လှူနိုင်တယ်လို့ ပြည်ကံ့ကော်စစ်ရှောင်ကူညီရေး အသင်းမှ ကိုပြည့်စုံက ပြောပါတယ်။

“ရေကတော့ တော်တော်လေးအဆင်မပြေကြဘူးဗျ။ ကားဆီစျေးတက်တော့ ကျနော်တို့လဲ သိပ်မလှူနိုင်ဘူးဗျ။ အရင်ကတော့တစ်လကို ရေအလှူ ၄ ခါလောက် လှူဖြစ်တယ်။ တချို့စခန်းတွေပါပဲ။ စခန်းလည်းများတယ်ဆိုတော တစ်လ လေးခါလောက်မှာ ကျနော်တို့ကတော့ လက်လှမ်းမီသလောက်လေးစုံစမ်းပြီးတော့ တစ်လ လေးခါမှာ စခန်း၄ ခုလောက်တော့ လှူဖြစ်တယ်ပေါ့နော်”လို့ ကိုပြည့်စုံက ဆိုပါတယ်။

စစ်ရှောင်စခန်းတိုင်းမှာ ရေသိုလှောင်နိုင်ဖို့ အများသုံးရေလှောင်ကန်တွေ ကြိုးစားလုပ်ထားကြပေမဲ့ လူဦးရေများတဲ့အတွက် လုံလောက်မှု မရှိဘူးလို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

သောက်သုံးရေ ဝယ်ယူနိုင်ဖို့အတွက် စစ်ရှောင်စခန်းတွေမှာ အလှူရှင်က ထောက်ပံ့ပေးတဲ့ငွေကြေးနဲ့ ဝယ်ယူသုံးစွဲနေရတာရှိသလို မလုံလောက်တဲ့အခါမှာလည်း ငွေချေးပြီး ဝယ်ယူနေရပြီး စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် ရေရှည်မှာ ပိုမိုခက်ခဲလာနိုင်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရေက အလှူရှင်တွေ လာလှူကြတာရှိပါတယ်။ ဒါပေမဲ့ တချို့စခန်းတွေကြတော့ ရပ်ကွက်ထဲမှာ ရေမြောင်းတွေ ရှိတယ်လေ။ ချိုးဖို့ သက်သာတာပေါ့။ ဒါပေမဲ့ သွားခပ်ဖို့ အဆင်မပြေတာတို့ ဝေးတာတို့ဆိုရင် ရေဝယ်လို့လည်း ရတယ်။ အရင်ကနဲ့အခုနဲ့တော့ မတူဘူး စျေးနှုန်းက။ အရင်က ပုံးဝါတစ်ပုံးက၂ထောင် အခုက ၃ထောင်/၄ထောင် ။ ဓါတ်ဆီစျေးတက်လာလို့ထင်တယ်။ အဲ့လိုမျိုးဆို ချေးတဲ့သူရှိရင်တော့ ချေးမှာပဲလေ ပိုက်ဆံက။ ရေရှည်အတွက်တော့ အဆင်မပြေဘူးပေါ့” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ရေရှားပါးမှု ကြုံရာကနေ ကလေးငယ်တွေဟာ ကျန်းမာရေးပိုင်းဆိုင်ရာဖြစ်တဲ့ ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားတာ ရှိနေပြီး ဖုံထူထပ်ရာကနေ အသက်ရှူကျပ်တာတွေကို ခံစားနေကြတာလည်း ဖြစ်လာကြတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်း ၅၀ ကျော်ရှိပြီး စစ်ရှောင်ဦးရေ ၈သောင်း ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။

spot_img
spot_img

Recent posts