spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဖက်ခြမ်းနဲ့ ဖယ်ခုံအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်ချို့မှာ ဆန်ပြတ်လပ်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်း တချို့မှာ စားနပ်ရိက္ခာ သယ်ယူတဲ့ လမ်းကြောင်းပိတ်ဆို့မှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာမှုတွေကြောင့် ဆန်ပြတ်လပ်မှု ရှိနေတယ်လို့ စစ်ရှောင်ကူညီသူထံကနေ သိရပါတယ်။

ဒါ့အပြင် အလှူရှင်တွေနည်းပါးလာတာကြောင့် အခုလို ဆန်ပြတ်လပ်တဲ့ အခြေအနေအထိ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျတော်တို့ဆီမှာ ငိုယိုပြီးတော့မှ ဆန်လာတောင်းတဲ့ Camp (စခန်း) တစ်ခု နှစ်ခုတော့ ရှိတယ်ပေါ့နော် မျက်ရည်ကျပြီးတော့မှ။ ဆိုတော့ တကယ်ပြတ်လို့ လုံးဝပြတ်လို့ ဒီလို မျက်ရည်ကျတဲ့အထိ ဖြစ်တာပေါ့နော်။ ပြီးတော့ ဆန်ပြတ်လို့ စာရင်းလာတင်တာက ၅ Camp (စခန်း) ၆ Camp (စခန်း) လောက်ရှိတယ်။ အဲလောက်ဝန်းကျင်လောက်ရှိတယ် ဆိုတော့ Camp (စခန်း) တိုင်းလိုလိုတော့ ပြတ်ကြတယ်ပေါ့နော်” လို့ သူကပြောပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းနဲ့ ဖယ်ခုံအနောက်ဖက်ခြမ်းမှ စခန်းကော်မတီတချို့ရဲ့ ပြောပြမှုကြောင့် ဆန်ပြတ်လပ်ကြောင်း သိရှိရပေမယ့် လက်လှမ်းမမီတဲ့ စစ်ရှောင်စခန်းတချို့မှာလည်း ဆန်ပြတ်လပ်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ရိက္ခာသယ်ယူတဲ့နေရာမှာ အသုံးပြုတဲ့ မိုးဗြဲလမ်းဟာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ သွားလာခွင့်ပိတ်ထားတာကြောင့် ဆန်ဆိုင်တွေမှာလည်း ဆန်တွေ ပြတ်လပ်နေတာပါ။ ဆိုင်တချို့မှာလည်း ဆန်ကို ခွဲတမ်းနဲ့ ရောင်းချပေးနေရ တယ်လို့ ဆိုပါတယ်။

စစ်ရှောင်အများစုဟာ ဒေသခံတွေဆီက နေ့စားအငှားလိုက်ကြတာရှိသလို နေ့စားအလုပ်မရှိတဲ့ နေရာတွေမှာ နီးစပ်ရာ ဆွေမျိုးတွေဆီကနေ ချေးပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရပါတယ်။

“နေ့စားလိုက်ဖြစ်တယ်။ အသက်ကြီးပြီဆိုတော့ တစ်ပတ် နှစ်ရက်ပဲ လိုက်နိုင်တော့ ဟင်းဖိုးလေးဘာလေးအတွက် သုံးလိုက်ရင် ဆန်ဝယ်ဖို့ မကျန်တော့ဘူး။ ဆန်ဝယ်ရင်တော့ ကျန်တာ မရပြန်တော့ဘူး”လို့ မိုးဗြဲမှ စစ်ရှောင်လာတဲ့ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ဆန်ဈေးနှုန်းဟာ ဆန် ( ပုံမှန်) တစ်အိတ်ကို ကျပ်ငွေ ၈ သောင်းမှ ၁ သိန်းကြား အထိရှိပြီး စစ်ရှောင်တွေအနေနဲ့ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် မဝယ်စားနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ပြောကြပါတယ်။

ကရင်နီပြည်မှာ ၂၀၂၃ နှစ်စပိုင်းကစလို့ ယခုချိန်အထိ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားတဲ့ဧရိယာ ကျယ်ပြန့်လာခဲ့သလို စစ်ကောင်စီကနေ ဝင်ထွက်သွားလာနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts