ကန္တာရဝတီတိုင်း( မ် )
ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်းတစ်နေရာမှာ ယမန်နေ့ ( ဧပြီလ ၂၇ ) ရက်နေ့ ည ၁၁ အချိန် လေကြောင်းနဲ့ ဗုံးကျဲခံရပြီး လူတစ်ဦးထိခိုက်သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံ တစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
“မနေ့က ၁၁ နာရီဝန်းကျင် ၁၁ နာရီခွဲလောက်မှာ သူတို့ လေယာဉ်နဲ့ လာကျဲသွားတာပေါ့နော။ အဲ့မှာ လူကတော့ သုံးယောက်ထိတယ်ပြောတယ်။ မိန်းကလေးက နှစ်ယောက်၊ ယောကျာ်းလေးက တစ်ယောက်ထိတယ်ပေါ့နော။ အဲဒီအထဲမှာ တစ်ယောက်က သေသွားတယ်။ ဆုံးသွားတယ်ပေါ့နော။ ဒီယောကျာ်းလေးတစ်ယောက်က ဆုံးသွားတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်က ဒီမျက်နှာနားတစ်ဝိုက်မှာတော့ နည်းနည်းထိခိုက်မိသွားတယ်လို့ပြောတယ်။” လို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာကို ရောက်ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းနဲ့တစ်ကြိမ် လာရောက်ဗုံးကျဲသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ၁၀ လုံးခန့် အဆက်မပြတ် ပစ်ခတ်လာတာမျိုးတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်မှာ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။