spot_imgspot_imgspot_imgspot_img
Monday, January 13, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက လူဦးရေ ၃ထောင် ကျော် ရာသီတုပ်ကွေးဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရာသီကူးပြောင်းမှုကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါအဖြစ်များနေကြပြီး လူဦးရေ ၅ ထောင်ကျော် ရှိနေတဲ့ ဒေါရောက်ခူကျေးရွာနဲ့ အနီးတဝိုက်က စစ်ရှောင်စခန်းတွေမှာ ဖျားနာသူ ၃ထောင်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်း ကော်မတီဝင် အမျိုးသမီးတစ်ဦးကပြောပါတယ်။

အဆိုပါနေရာတွေမှာ လူဦးရေ ၅ထောင်အတွက် ဆေးပေးခန်းတစ်ခုသာရှိနေပြီး ဆေးဝါးပြတ်လပ်မှုလည်းရှိနေတယ်လို့ ဆိုပါတယ်။

“ အခုလောလောဆယ်တော့ အားကိုးမှီခိုနေရတဲ့ ဆေးခန်းက အဲ့ဒီ ကရင်နီ ဆေးခန်းပေါ့နော်။ ဒါပေမဲ့ အဲ့ဒီကရင်နီဆေးခန်းကလည်း ဆေးပြတ်နေတယ် အခုဆို ။ တစ်ရွာလုံးဖျားနေတယ်။ ကျမတို့ လူဦးရေက ရွာခံ ပါပါ ပြောမယ်ဆိုရင် လူဦးရေက ၅ထောင်ကျော်လောက်ရှိတယ်။ ဒါပေမဲ့ ဖျားတာက ၃ထောင်ကျော်လောက်ရှိတော့ ဆေးကမနိုင်ဘူးပေါ့နော်” လို့ စစ်ရှောင်စခန်း ကော်မတီဝင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိမိုးရာသီကာလမှာ အအေးမိတာတွေကြောင့် ချောင်းဆိုး၊ နှာစေးတွေလည်း ဖြစ်နေကြတာရှိသလို စစ်ရှောင်စခန်းက လူဦးရေ ရဲ့ ထက်ဝက်ကျော်ဟာလည်း ရာသီတုပ်ကွေးဖြစ်နေကြတယ်လို့ “ကရင်နီဧည့်သည်” ဆေးခန်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“အခုလက်ရှိက မိုးရာသီကာလလည်းဖြစ်တာဆိုတော့ ရာသီတုပ်ကွေးကတော့ အများကြီးတွေ့ရတာပေါ့လေ။ သွေးလွန်တုပ်ကွေးတို့ ဌက်ဖျားကော ဒီလို ဖြစ်နေတာတွေက တော်တော်များတယ်။ ကျနော်အနီးစပ်ဆုံး ဟိုတစ်ညက သွားခဲ့တဲ့ လူအယောက် ၁၀၀မှာဆို ၆၀လောက်ကို ဖြစ်နေတာကိုတွေ့ရတယ်ပေ့ါနော်”လို့ သူက ဆိုပါတယ်။

ရာသီတုပ်ကွေးဟာ ပထမဆုံးအဆင့် နှာစေး၊ ချောင်းဆိုး လောက်သာဖြစ်ပေမဲ့ ကုသမှုမရှိရင်တော့ နောက်ဆက်တွဲ သွေးအန်ပြီး အသက်အန္တရာယ်ထိပါ စိုးရိမ်ရနိုင်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲတွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေကို ထောက်ပံ့ပေးနိုင်မယ့် ဆေးဝါးတွေ ပြတ်တောက်နေတဲ့ အပြင် စစ်ကောင်စီတွေရဲ့ လမ်းပိတ်ဆို့မှုကြောင့် ဆေးဝါးသယ်ယူရာမှာ အခက်အခဲ တွေရှိနေတယ်လို့ “ကရင်နီဧည့်သည်” ဆေးခန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

”ဆေးတွေက အခုလက်ရှိမှာက စစ်ကောင်စီထောက်ပို့လမ်းကြောင်းတွေဖြတ်ထားတာရှိတာပေါ့နော်။ ဆေးတွေဆို လုံးဝကို ဒီကရင်နီကို လုံးဝအဝင်မခံတဲ့ အခြေအ‌နေတွေ
ဖြစ်ခါကြ‌‌တော့ ဆေးသယ်ဖို့ လမ်းကြောင်းအရမ်းခက်တာမျိုးတွေရှိတယ်။ တချို့က ဆေးအချိန်မှီရောက်မလာနိုင်တာမျိုးတွေရှိတာပေါ့နော်”လို့ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ “အေးဒီ့စ်”လို့ခေါ်တဲ့ ခြင်ကျားကိုက်လို့ ဖြစ်တာကြောင့် အိပ်တဲ့အခါမှာ နေ့ရောညပါ ခြင်ထောင် ထောင်အိပ်ဖို့နဲ့ ပိုးလောက်လန်းတွေ မပေါ်ပေါက်အောင် အိမ်၊ ကျောင်းနဲ့ ရုံးလို နေရာမျိုးတွေမှာ အားလုံး ဝိုင်းဝန်းပြီး ဖုံး၊ သွန်၊ လဲ၊ စစ် ပုံမှန်လုပ်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts