spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ခြမ်းမှထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူအများစု နေရာထိုင်ခင်း အတည်တကျ မရှိသေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကနေ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကနေ စပြီး ထပ်ဆင့်တိမ်းရှောင်ရကြတဲ့ စစ်ရှောင်ပြည်သူအများစုဟာ လက်ရှိ (မတ်လ၁၅ရက်နေ့) အချိန်ထိ နေရာထိုင်ခင်း အတည်တကျမရှိသေးဘူးလို့ သိရပါတယ်။

“သူတို့ဒီကိုလာတာက ဟိုဖက်မှာကိုယ်လွတ်ရုန်းထွက်လာတယ်ဆိုတော့ နေစရာတော့အတိကျမရှိဘူးပေါ့နော။ ဘုန်းကြီးကျောင်းဖြစ်ဖြစ်ဘာဖြစ်ဖြစ် အဲ့မျိုးရှာပြီးတော့နေမှာပေါ့။ ဘုရားကျောင်းဖြစ်ဖြစ်အကူညီတောင်းပြီးတော့နေရမှာပေါ့။ လောလောဆယ်နေဖို့မရှိသေးဘူး။ မရှိပဲနဲ့အရင်ရောက်ထားတဲ့ရွာခံကလူတွေနေတဲ့နေရာတွေ ဘုန်းကြီးကျောင်းတို့ဘာတို့ အဲ့မှာသက်ကြီး ရွယ်အိုတွေသွားနေတဲ့နေရာတွေကိုသူတို့လည်း လိုက်နေမယ်အဲ့မျိုးပေါ့။” လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကနေ မထွက်နိုင်သေးဘဲ ပိတ်မိနေသူတွေလည်းရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးကတော့ သူမ အခုရောက်တဲ့နေရာဟာ အစိမ်းသက်သက်ဖြစ်နေပြီး သွားလာဖို့လည်း မသိသလို နေစရာနေရာလည်းမရှိဘူးလို့ အခုလို ပြောပါတယ်။

“လက်နက်ကြီးတွေထုလာတယ်။ ထုလာတော့ လက်နက်ကြီးဒဏ်မခံတော့ဘူးလေး။ မခံနိုင်တော့ ဒေါဖု၊ ဒေါပဲ့ ဖက်ပြေးလာတယ်။ ဒေါညေးခူဖက်စစ်ကြောင်းတွေထိုးလာတယ် အဲ့လိုမျိုး သတင်းကြားတယ်။ ဒေါစဲလည်းစစ်ကြောင်းတွေထိုးလာတယ်ဆိုတော့ အကြားမှာနေရတာ အန္တရာယ်များတယ်ဆိုပြီးတော့ ဒီဖက်ကိုပြေးလာတယ်။ ဒီဖက်ပြေးလာတော့လည်းအဆင်မပြေဘူး။ နေစရာနေရာမရှိဘူး။ ဒီမှာနေဖို့လည်း ဘယ်နေရာနေရမလဲ မသိဘူး” လို့ သူမက ပြောပါတယ်။

မတ်လ ၉ ရက်နေ့ကစပြီး ပြင်းထန်လာတဲ့ စစ်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းကို မတ်က ၁၀ ရက်နေ့ကနေ စတင်ရွေ့ပြောင်းလာပေမယ့် လမ်းဘေးတစ်လျှောက်မှာ ကား၊ ဆိုင်ကယ် မရှိသူတွေဟာ အထုတ်အပိုးတွေနဲ့ စောင့်ဆိုင်းပြီး ကူညီပေးနေသူတွေကို မျှော်နေကြရပါတယ်။ ညမိုးချုပ်သွားရင်တော့ ရောက်တဲ့နေရာမှာသာ ညအိပ်ကြရပြီး တချို့သူစစ်ရှောင်ပြည်သူတွေမှာလည်း တည်းခိုစရာနေရာ မရှိတာတွေနဲ့ ကြုံရတယ်လို့ သိရပါတယ်။

ရုတ်တရက်ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် ယခင်ခိုလှုံခဲ့တဲ့ စစ်ရှောင်စခန်းက စားနပ်ရိက္ခာတွေကို မသယ်လာနိုင်တော့ဘဲ အဝတ်တစ်ထည်နဲ့ ထွက်ပြေးခဲ့ရသူတွေလည်းရှိနေပါတယ်။

“လမ်းကြမ်းတယ်။ ကိုယ်လည်းမသွားဖူးတဲ့လမ်းဖြစ်နေတော့လေးနော။ အဲ့ကြောင့် ဒုက္ခတော့ရောက်တယ်။ ဆိုင်ကယ်လည်းလှဲတယ်အဲ့မျိုးပေါ့နော။ ဒါမဲ့အားတင်းထားရတာပေါ့နော။ ဒါကအသက် လွှတ်ဖို့အတွက်ပဲဆိုပြီးတော့လေး အဲ့မျိုး။ ငိုချင်တောင်မငိုအားဘူး အဲ့မျိုးပေါ့နော” လို့ နောက်ထပ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေဟာ ယနေ့အထိ အဆက်မပြတ် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ဘေးကင်းရာလို့ ယူဆရတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင်တွေဟာ နှစ်သောင်းကျော်အထိ ရှိနေပါတယ်။

spot_img
spot_img