spot_imgspot_imgspot_imgspot_img
Saturday, April 19, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ခြမ်း ကိုယ်ထူကိုယ်ထကျောင်းမှာ ကျောင်းသုံး ဖတ်စာအုပ်နဲ့ စာရေးကိရိယာ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းမှာ ယခု ဇွန်လ အတွင်း ကျောင်းဖွင့်လှစ်သင်ကြားနေပြီး ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကျောင်းသုံးဖတ်စာအုပ်နဲ့ စာရေးကိရိယာတွေ မရှိတာကြောင့် စာ ဆက်လက်သင်ကြားနိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ စေတနာ့ဝန်ထမ်း ဆရာမ တစ်ဦးက ပြောပြပါတယ်။

“ကျမတို့က ကျောင်းဖွင့်နေပြီပေါ့၊ ဒါပေမယ့် ဖတ်စာအုပ်မရှိ၊ စာရေးကိရိယာလည်း မရှိတော့ တစ်ခြား ဒီပြင်ပစာပဲ ခဏ သင်ရမှာပေါ့ အခက်အခဲ ရှိတာပေါ့နော။ ကျောင်းသား မိဘတွေနဲ့လည်း ထပ်ပြီးတော့ ပြောရမှာပေါ့။ ဖတ်စာအုပ်က မရှိတော့ သင်လို့လည်းမရဘူးပေါ့ ကျောင်းက ပိတ်တော့ မပိတ်ဘူးပေါ့။ ဒါပေမယ့် ကြာအုံးမှာပေါ့နော စာသင်ဖို့က။ ပြီးတော့ စာအုပ်ရဖို့ကလည်း အလယ်တန်းအတွက်ဆို ခက်ခဲနေတယ်။ ” လို့ သူက ပြောပါတယ်။

အခုလို ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ်ထားပေမယ့် ကျောင်းဖတ်စာအုပ် အပြင် စာရေးကိရိယာ ဖြစ်တဲ့ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ White board ၊ ဆော့ပင် နဲ့ ကျောင်းသုံး အိမ်သာတွေ ရရှိဖို့ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့စာသင်နှစ်က တစ်နှစ်တာလုံး ကျောင်းပိတ်ထားခဲ့ရပြီး ယခု ၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာပဲ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

လိုအပ်ချက်ရှိနေပေမယ့်လည်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုနေကြပါတယ်။

“ကိုယ့်သားသမီး တစ်ယောက်ထဲရှိတဲ့ သူကတော့ အဆင်ပြေတာပေါ့။ တချို့ကျတော့ သားသမီးများတယ် သူများလည်း မထုတ်ပေးတော့ အခက်အခဲ ဖြစ်တာပေါ့နော ” လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အလယ်တန်းအဆင့်ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းသားဦးရေ ၁၀၀ ကျော်ကို ဆရာ၊ ဆရာမ ၁၄ ဦးနဲ့ သင်ကြားသွားမယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts