spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ (၆)ရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မေလ (၁၄)ရက်နေ့ကနေ ဒီကနေ့(မေလ ၂၂)ရက်အထိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ တောင်ပေါ်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ၉ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက မေလ ၁၇ ရက်နေ့ကစပြီး ဒီကနေ့အထိ ၆ရက်ဆက်တိုက် လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ လေကြောင်းကနေ ပွိုင့် 5နဲ့ ပစ်ခတ်တိုက်ခိုက်သလို ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးသီးတွေ အသုံးပြုတိုက်ခိုက်နေတာြဖစ်ပါတယ်။

“ ဒီမနက်အစောကြီး ၄နာရီဝန်းကျင်လေယာဉ်လာသေးတယ်။ ဒီအပတ်ထဲမှာ လေယာဉ်က ၁၀ ခေါက်လောက် လာပစ်သွားပြီ။ လူကတော့ သိပ်မထိပါဘူး။ ဟိုးဖက်(စစ်ကောင်စီ) အကျဆုံးတော့ မသိဘူး ကျတော့ ကျမှာပဲလေ။ သူ့ဟာ လေယာဉ်မှာတင်တဲ့ သေနတ်က ပွိုင့် 5ပေါ့။ နောက်ပြီးတော့မှ ပေါင် ၅၀၀ တန်လေးတဲ့ဗုံးသီးတွေချတယ်။ “ လို့ ကရင်နီပြည်အစိုးရပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာအပြင် အနီးနားကျေးရွာတွေထဲကိုလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း နဲ့ နေအိမ် (၁၁) လုံး ထိခိုက် ပျက်စီးသွားတာရှိတယ်လို့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက် ပေးပို့ချက်အရ သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မေလ (၂၀)ရက်နေ့က မီးလောင်ပျက်စီးသွားတဲ့ နေအိမ်များ။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

“ သူတို့ ပုံမှန်လာတာက မနက်အစောပိုင်းပေါ့နော လူတွေ အိပ်မောကျနေတဲ့အချိန် မနက် ၃နာရီခွဲ ၄နာရီဝန်းကျင် ဒါမှမဟုတ်လို့ရှိရင်လည်း ညနေပိုင်း ၆နာရီဝန်းကျင်လောက်လာတယ်။ ဒီကြားထဲမှာ အရေးပေါ်ရင် ပေါ်သလို နေ့ခင်းပိုင်း တိုက်ပွဲပြင်းထန်တယ်ဆိုလို့ရှိရင် တိုက်ပွဲနေရာတွေမှာ လာကြဲတာရှိတယ်။ ကျေးရွာတွေမှာ လာကြဲတာရှိတယ်။ “ လို့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အခြေစိုက်တပ်တွေကနေလည်း လက်နက်ကြီး ပစ်ခတ်မှုတွေလည်း နေ့စဉ်လုပ်ဆောင်နေတယ် လို့ သိရပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းတွေရဲ့ ထုတ်ပြန်ချက်အရ ရဲဘော် ၃ဦး ကျဆုံးပြီး စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါဘူး။

Recent posts