spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းစစ်ရှောင်စခန်း တစ်နေရာမှာ ၅ နှစ်အောက်ကလေးငယ် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းစစ်ရှောင်တစ်နေရာမှာ ၅ နှစ်အောက် ကလေးငယ် (၁၀)ဦးအထက် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အများအားဖြင့် ကလေးငယ်တွေမှာ အဖြစ်များနေသလို ၂ ရက်ဆက်တိုက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့ကလေးတွေက အားပြတ်ပြီး စကားမပြောဆိုနိုင်တော့ဘူးလို့ ကလေးမိဘတစ်ဦးက ပြောပါတယ်။

“အန်လည်းအန်တယ်။ ဝမ်းလည်းသွားတယ်။ ငိုလည်းတအားငိုတော့ တခါလေဆို အသံတောင်မထွက်နိုင်တော့ဘူး။ တစ်ရက်နှစ်ရက်လောက်အန်ပြီဆို လူလည်းမလှုပ်ချင်တော့ဘူး။ စကားလည်း မပြောနိုင်တော့ဘူး”လို့ ကလေးမိဘ တစ်ဦးက ပြောပါတယ်။

မတ်လ ၉ရက်နေ့ကစ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA) ၊ KNDF ပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံအပါအဝင် စစ်ရှောင်တွေက ထပ်မံတိမ်းရှောင်ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

လက်ရှိဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတဲ့ စစ်ရှောင်စခန်းမှာ လာရောက်နေထိုင်ပြီး ၃ ရက်အကြာမှာ စတင်ဖြစ်ပွားခဲ့သလို ဒီရောဂါဖြစ်ပွားတာ ဟာ အချိန်ကာလအားဖြင့် တစ်ပတ်ကြာမြှင့်ပြီလို့ ဆိုပါတယ်။

စစ်ရှောင်ကာလအတွင်း ဆေးဝါးမလုံလောက်တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက် မပေးနိုင်သေးဘူးလို့လည်း ကျန်းမာရေးပိုင်း တာဝန်ယူပေးသူတွေက ပြောပါတယ်။

လူဦးရေ ၁၅၀၀ ဝန်းကျင် နေထိုင်တဲ့ အဆိုပါ စစ်ရှောင်စခန်းမှာ အမိုးအကာ မလုံလောက်မှုတွေကြောင့် မိသားစု (၃)စုလောက် ပေါင်းပြီး နေထိုင်နေရပါတယ်။ ဒါ့အပြင် အိမ်သာခွက်လည်း မရရှိသေးတာကြောင့် အိမ်သာတစ်လုံးကို မိသားစု (၁၀)စုက အသုံးပြုနေရတယ်လို့ သိရပါတယ်။

spot_img
spot_img