spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ယာဉ်လိုင်းပြေးဆွဲမှုအခြေအနေနဲ့ပတ်သက်ပြီး IEC ရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ယာဉ်လိုင်းပြေးဆွဲမှုအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိနေလဲ။ ရရှိတဲ့ အခွန်ငွေတွေကို ဘယ်နေရာတွေမှာ အသုံးပြုနေလဲ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနမှ သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး သံချောင်းကို ကန္တာရဝတီတိုင်း( မ် ) ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ IEC ယာဥ်လိုင်းပြေးဆွဲနေတဲ့ အခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ ။ ။ ဟုတ် ပြေးဆွဲနေတုန်းပါပဲ။ ကျနော်တို့ ပြီးခဲ့တဲ့ ၁၁ လပိုင်းပေါ့နော။ ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းကနေ စတင်ပြေးဆွဲရာကနေ ၁၁ လပိုင်း ၁၂ လပိုင်းမှာ လူသစ်များလာပြီးတော့မှ အခုလက်ရှိအခြေအနေအထိကို တပတ်ကို နှစ်ကြိမ်ပေါ့နော။ တနင်္လာနေ့မှာတော့ မယ်စဲ့ကိုသွားတယ်။ မော်ချီး-မယ်စဲ့ပေါ့နော။ မယ်စဲ့က ကားက တနင်္လာနေ့မှာ ဒီးမော့ဆိုကို လာတယ်။ အင်္ဂါနေ့မှာမယ်စဲ့က ကားက ဒီးမော့ဆိုကနေ မယ်စဲ့ကို ပြန်လာတယ်ပေါ့နော။ အခုလောလောဆယ်အခြေအနေမှာတော့ မိုးလည်းရွာတဲ့ အနေအထားမှာရှိတော့ ပုံမှန်တော့မရှိဘူးပေါ့နော။ တခါတလေ တညအိပ် နှစ်ညအိပ်တွေဖြစ်သွားတယ်ပေါ့နော။ စက်ချို့ယွင်းမှုတွေဘာတွေ ရှိရင်တော့၊ လောလောဆယ်တော့ လက်ရှိအခြေအနေအထိ ပြေးဆွဲနေပါတယ်လို့။

မေး ။ ။ လက်ရှိ မိုးရာသီရောက်လာပြီဆိုတော့ ယာဥ်လိုင်းပြေးဆွဲမှုအခြေအနေတွေက အပြောင်းအလဲရှိသွားနိုင်လား။ ဥပမာ – တပတ်တရက်လို အနေအထားပေါ့။
ဖြေ ။ ။ ကျနော်တို့ကတော့ တတ်နိုင်သမျှကတော့ ပုံမှန်အတိုင်းဆက်သွားပေးမယ်ပေါ့နော။ လမ်းအခြေအနေနဲ့ ရာသီဥတု အခြေအနေကြည့်ပြီးတော့မှ ပုံမှန်အတိုင်းကြိုးစားပြီးသွားပေးမယ်။ ဒါပေမဲ့ မိုးရွာတာနဲ့ မရွာတာနဲ့ကို ခရီးရောက်ဖို့က ပုံမှန်အတိုင်းဖြစ်ချင်မှဖြစ်မယ်ပေါ့နော။ အဲဒီတော့ အရင်က ကျနော်တို့ ပုံမှန် တနင်္လာနေ့သွားတယ်။ တနင်္လာနေ့ညနေရောက်တယ် ဆိုတဲ့ဟာမျိုး ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့။ အတိအကျပြောလို့မရဘူးပေါ့။ တညအိပ်ခရီးလည်းဖြစ်သွားနိုင်တယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြေးဆွဲသွားဖို့ ရည်ရွယ်ထားတယ်ပေါ့နော။

မေး ။ ။ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက်ကော ဘယ်လိုဆောင်ရွက်ပေးနေတာရှိလဲ။
ဖြေ ။ ။ ခရီးသည်တွေအတွက် လုံခြုံရေးက ကျနော်တို့လမ်းခရီးမှာ ကျနော်တို့ မြေပြင်အနေအထားနဲ့ဆိုရင် ကျနော်တို့ စုံစမ်းပြီး အခြေအနေတွေကို ကျနော်တို့ သွားသင့်တဲ့လမ်းနဲ့ ကျနော်တို့ ရွေးချယ်သွားပေးတယ်ပေါ့နော။ လုံခြုံမှုရှိဖို့အတွက်ပေါ့။ သို့ပေမဲ့ ကောင်းကင်က လာမယ့်လေကြောင်းရန် မျိုးခါကျတော့ ကျနော်တို့ အာမခံလို့မရဘူးပေါ့နော။ အဲဒီလို တကယ်လို့ ကြုံခဲ့ဆုံခဲ့မယ်ဆိုရင်တော့ အတတ်နိုင်ဆုံးတော့ အန္တရာယ်ကင်းအောင်တော့ ကျနော်တို့ ကြိုးစားသွားပေးမယ်ဆိုတဲ့ ဟာပဲ ရှိတယ်။ ၁၀၀ ရာခိုင်နှုန်း အာမခံပေးနိုင်တဲ့ဟာမျိုးတော့မရှိဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီလေကြောင်းက ကျနော်တို့ အာမခံလို့မရဘူးကော။

မေး ။ ။ လက်ရှိ ယာဉ်လိုင်း ပြေးဆွဲနေမှုအခြေအနေက ဘယ်လိုရှိနေလဲ။ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေ များလား။
ဖြေ ။ ။ အရင် ကနဦးထက်စာရင်တော့ ခရီးသည်လေးတွေပါလာပြီ။ ကုန်စည်လေးတွေ ပို့လာကြတယ်ပေါ့နော။ သို့ပေမဲ့ ကျနော်တို့က လောလောဆယ်အခြေအနေအထိက အရှုံးနဲ့ ရင်ဆိုင်ပြီးတော့မှ ပြေးဆွဲနေရတဲ့ အနေအထားပဲ ရှိပါသေးတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် အခုလက်ရှိအနေအထားမှာ တချို့သော ကားတွေလည်းအသွားအလာရှိတော့ လမ်းကြုံလိုက်ကြတာတို့ လမ်းကြုံပို့ကြတာတို့ ရှိသေးတာ နောက်တခုက ကျနော်တို့က အဓိကက ဌာနတွေနဲ့ ကျနော်တို့ လိုင်းထောင်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က နံပါတ် ၁ ပြည်သူလူထုရဲ့ အရေးပေါ့နော။ သွားလာမှု လွယ်ကူရေးအတွက်ရည်ရွယ်တယ်။ နောက်တခုက ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ သယ်ယူဖို့အတွက်ကို အရင်တုန်းက ကျန်းမာရေးအဖွဲ့တွေဆိုရင်လည်း ကားတွေခက်ခဲတယ်။ ကားတွေမရှိဘူး။ အဲဒီတော့ ဆေးဝါးတွေ သယ်ယူဖို့ အကူအညီတောင်းတော့ ‌ဆေးဝါးကလည်း လူထုတွေအားလုံးအတွက် လိုအပ်ချက်ဖြစ်နေတော့ အခကြေးငွေနဲ့ဆိုရင်လည်း ဒီမှာကလည်း အားလုံးကို အခမဲ့ ပြန်လည်ကုသပေးနေတဲ့ အခြေအနေဖြစ်တော့ ကျနော်တို့က ကူညီတင်ဆောင်ပေးတယ်ပေါ့နော။ နောက်တခုက ထိခိုက်ဒဏ်ရာတွေ၊ ရဲဘော်တွေဆေးကုသဖို့အတွက် သွားလာတဲ့ အချိန်မျိုးမှာဆိုလို့ရှိရင်၊ အရေးပေါ်ဆိုလို့ရှိရင်၊ အရေးပေါ်ထိခိုက်ဒဏ်ရာမျိုးဆိုရင် ကျနော်တို့က အခမဲ့ သယ်ဆောင်ပေးတယ်။ ဒါပေမဲ့ ရက်ချိန်းတို့ ဒီလိုပုံမှန်ပဲသွားလာတဲ့ဟာဆိုလို့ရှိရင်တော့ ရဲဘော်နဲ့ ဝန်ထမ်းဆိုရင်တော့ တဝက်နှုန်းပေါ့နော။ အဲဒီလိုမျိုး ယူပေးတဲ့အတွက်ကြောင့် အခုလက်ရှိမှာကတော့ ဝန်ထမ်းတွေ ခပ်များများအသုံးပြုတယ်ပေါ့နော။ ကျနော်တို့ လူထုတွေကို သတ်မှတ်ပေးတဲ့ စျေးနှုန်းအတိုင်းမရတော့ တဝက်နှုန်းနဲ့ ပြေးဆွဲပေးနေတဲ့ အနေအထားမျိုးရှိတော့ ကျနော်တို့မှာ အကျိုးအမြတ်က မထွက်နိုင်သေးဘူးပေါ့။ ပြောရမယ်ဆိုရင်တော့ ။ သို့ပေမဲ့ ယာဥ်လိုင်းထောင်ထားပေးတဲ့အတွက် နောက်တခုက အခုတဖြည်းဖြည်းနဲ့ သိလာပြီးတော့ အခုအသုံးပြုလာပေးတဲ့အတွက် အစစအရာရာကြည့်ပြီးတော့ ဆက်လက်ပြေးဆွဲသွားဖို့ရှိပါတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ဒါဆိုရင် လက်ရှိအချိန်အထိ အဲဒီယာဥ်လိုင်းကနေ အမြတ်ငွေမရသေးဘူးလို့ ပြောလို့ရလား။
ဖြေ ။ ။ ကျနော်တို့က အမြတ်ငွေမရဘူးဆိုတာက ကျနော်တို့က ယာဥ်လိုင်းပြေးဆွဲခြင်းဖြင့် ယာဥ်တစီးကို IEC အတွက် အခွန်ငွေ တကြောင်းကို တသိန်းခွဲ၊ တသိန်းခွဲ အဲဒီလိုမျိုးပေါ့နော။ ကျနော်တို့ သွင်းသွားတော့ IEC အတွက်ကတော့ အခွန်ငွေရတာပေါ့နော။ ရှင်းရှင်းပြောရရင်ကား ကားနစ်နာမှုနဲ့ ကား Owner (အုံနာ) တဦးစီကတော့ အကျိုးအမြတ်မပြောနဲ့ မောင်းတဲ့ ယာဥ်နောက်လိုက်တို့ ယာဥ်အပျက်အစီးတွေ ပြန်လည်ပြုပြင်ဖို့အတွက်တို့က ကြားထဲမှာ လူတွေ ကုန်တွေ သိပ်မရှိဘူးဆိုရင် ကိုယ့်ကုန်ကို ဖြည့်ပြီး ပြန်တင်ပို့ရောင်းရတဲ့ အခြေအနေမျိုးပေါ့နော။ နည်းနည်းကာမိအောင် ဆိုတဲ့ အနေအထားမျိုးလေးတွေ အဲဒီလိုမျိုးလေးတွေ လုပ်ယူရတယ်ပေါ့။

မေး ။ ။ ယာဥ်လိုင်းတလိုင်းကို ခရီးသည်အများဆုံးဘယ်လောက်အထိ သယ်ဆောင်နိုင်လဲ။
ဖြေ ။ ။ ကျနော်တို့ကားက ခရီးသည်အများဆုံး ၁၅ ယောက် အဲဒီလောက်ပဲ တင်နိုင်တယ်။ သို့ပေမဲ့ လက်ရှိအနေအထားမှာ အများဆုံးစီးတာက ၅ယောက် ၆ ယောက်ပေါ့နော။ အဲဒီလောက်ပဲရှိတယ်။ ၇ ယောက်ပေါ့။ သို့ပေမဲ့ တယောက်ထဲရှိရင်လည်း ကျနော်တို့ ထွက်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ယာဥ်လိုင်းဆိုတဲ့ဟာကို သတ်မှတ်ထားပြီးတော့မှ ယာဥ်လိုင်းဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ပြေးဆွဲတယ်ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ တဦးတည်းရှိတယ်ဆိုရင်လည်း ကျနော်တို့ပြေးဆွဲပေးတယ်။ တခါတလေကျလို့ရှိရင်လည်း လူဦးရေ ၁၇၊ ၁၈ ယောက်လောက်ရှိရင်လည်း ကျနော်တို့ နှစ်စီး သွားပေးတယ်ပေါ့နော။ အဲဒီလိုမျိုးတွေ ကျနော်တို့ ဆောင်ရွက်ပေးမှုရှိပါတယ်။

မေး ။ ။ ယာဥ်လိုင်းစတင်ပြေးဆွဲချိန်ကနေ အခုအချိန်အထိ ယာဥ်လိုင်းဘယ်နှကြောင်းကို ပြေးဆွဲခဲ့ပြီးပြီလဲ။
ဖြေ ။ ။ အခေါက်ရေကတော့ ပုံမှန်အတိုင်းဆိုရင် ကျနော်တို့က တပတ်နှစ်ကြိမ်ပေါ့နော။ ဆိုတော့ ကိုယ်တိုင်တွက်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ကားချို့ယွင်းပြီးတော့မှ ရက်ကြာသွားပြီး သဘောတခု နှစ်စီးထွက်ရမယ့်နေရာမှာ တစီးပဲ ထွက်ဖြစ်တာတို့၊ ဒါမှမဟုတ်လို့ရှိရင်လည်း အကြောင်းကိစ္စတခုခုနဲ့ အရေးပေါ် ပစ္စည်းပို့ရတာတို့၊ အရေးပေါ်လူနာပို့ရတာတို့ အရေးပေါ် ဆေးပို့ရတာတို့ဆိုရင် ကျနော်တို့ ကြားဖြတ်ထွက်ဖြစ်တယ်။ စာရင်းထဲမှာတော့ရှိမယ်။ အတိအကျကတော့ ကျနော် တပ်အပ်တော့ ပြောလို့မရဘူးပေါ့နော။

မေး ။ ။ ယာဉ်လိုင်းကနေ ရရှိတဲ့ အခွန်ငွေတွေကို ဘယ်လိုအသုံးပြုနေလဲ။ ဘယ်ကဏ္ဍတွေမှာ အသုံးပြုဖို့ ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ IEC ကိုကျနော်တို့ကားတစီးကို တသိန်းခွဲ တကြောင်းဆွဲတဲ့အချိန်မှာ ကောက်ခံတဲ့ တသိန်းခွဲကို ကျနော်တို့ စုပြီးတော့မှ လကုန်ရင် ကျနော်တို့ဂိတ်ကို ယာဥ်လိုင်းနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ ဝန်ထမ်းလစာပေါ့နော။ ဥပမာ ဂိတ်မှူးဆိုရင်လည်း ဂိတ်မှူးပေါ့နော။ ရုံးစာရေးဆိုရင်လည်း ရုံးစာရေးပေါ့။ ယာဥ်လိုင်းနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေရဲ့လစာကို အဲဒီအထဲကနေပေးတယ်။ ပေးပြီးတော့မှ ကျနော်တို့ ဂိတ်မှာ ဂိတ်သုံးသဘောအနေနဲ့ ကျနော်တို့ ကားလက်မှတ်တွေ Note ပေါ့။ သဘောတခု ကျနော်တို့ ယာဥ်လိုင်းတွေ လုပ်တာတို့ တွေမှာသုံးတယ်။ ပိုတဲ့ဟာတွေကို ကျနော်တို့ IEC ဘဏ္ဍာရေးမှာ ပြန်အပ်ဖို့အတွက် ကျနော်တို့ ဌာနကိုပြန်အပ်တယ်ပေါ့နော။ အဲဒီတော့ ဘယ်လိုသုံးစွဲလဲဆိုတော့ လက်ရှိ IEC ကနေ ဝင်သမျှ အခွန်ဝင်ငွေအားလုံးကိုတော့ ပြည်သူ့အကျိုးအတွက် ရှေးရှုပြီးတော့မှ သုံးနေတယ်လို့ပဲ ကျနော်တို့လည်း မြင်ပါတယ်။ လောလောဆယ်အနေအထားမှာလည်း ကျနော်တို့ မော်ချီးလမ်းကို ဒီးမော့ဆို-မော်ချီးလမ်းကို ပြုပြင်ဖို့အတွက် ကျနော်တို့ စတင်လုပ်နေပါတယ်။

မေး ။ ။ လက်ရှိပြေးဆွဲနေတဲ့ ယာဥ်လိုင်းကို တခြားမြို့တွေအထိ ထပ်ပြေးဆွဲသွားဖို့ အစီအစဥ်ရှိလား။
ဖြေ ။ ။ ကျနော်တို့ အမှန်အတိုင်းပြောရမယ်ဆိုရင် IEC ဆိုတာက ကြားကာလ အုပ်ချုပ်ရေးကောင်စီပေါ့နော။ အစိုးရတရပ်လို့လည်း ပြောလို့ရတာပေါ့နော။ အဲဒီတော့ အစိုးရတရပ်အနေနဲ့ စီးပွားရေးလုပ်ငန်းလုပ်စရာအကြောင်းလည်း မရှိဘူးပေါ့နော။ လုပ်လည်း မလုပ်သင့်ဘူးပေါ့နော။ လက်ရှိအနေအထားမှာ ပြည်သူလူထုအတွက် လိုအပ်မှုတွေ ရှိနေတော့ ကျနော်တို့က ဖြည့်ဆည်းပေးတဲ့သဘောပုံစံမျိုးနဲ့ ကျနော်တို့က ယာဥ်လိုင်းကို ပြေးဆွဲပေးတာပေါ့နော။ အကျိုးအမြတ်ကို အဓိက မရှေးရှူပဲနဲ့ လူထုတွေအတွက် သယ်ယူပို့ဆောင်ရေးသွားရေးလာရေးဆိုတဲ့ အရာတွေမှာ ချောမွေ့ဖို့အတွက် ကျနော်တို့ ရည်ရွယ်ပြီးတော့မှ ဦးတည်ပြီးတော့ လုပ်ခြင်းဖြစ်တယ်ပေါ့နော။ နောက်တကယ်လို့များ လမ်းပန်းတွေကောင်းသွားပြီးတော့မှ သွားလာဖို့ဆိုတာ သယ်ယူဖို့ဆောင်ဖို့ဆိုတာ လိုကို လိုအပ်ပြီးသားလေ၊ ဆိုတော့ အဲဒီအချိန်ကျမှ ကိုက်တယ် ပြုတယ် သွားလာဖို့ အဆင်ပြေတယ်ဆိုရင်တော့ လူထုတွေထဲကတော့ ထွက်လာမှာပဲ ဒီလိုင်းဆွဲဖို့အတွက်ပေါ့နော။ အဲဒီထွက်လာတဲ့အချိန်မှာတော့ ကျနော်တို့က လိုင်းဆွဲခွင့် မှတ်ပုံတင်တွေချပေးဖို့ ၊ လိုင်းဆွဲခွင့်တွေ ပါမစ်တွေချပေးဖို့ အဆင်သင့်ရှိပါတယ်။

မေး ။ ။ လက်ရှိယာဥ်လိုင်းက IEC ရဲ့ လက်အောက်ကနေ တိုက်ရိုက်ပြေးဆွဲနေတာလား။
ဖြေ ။ ။ ကျနော်တို့ IEC သယ်ယူပို့ဆောင်ရေးဌာနခွဲကနေပြီးတော့မှ ကြီးမှူးကွပ်ကဲပြီးတော့မှ ကျနော်တို့ ပြေးဆွဲပေးနေတယ်ပေါ့။

မေး ။ ။ ယာဉ်လိုင်း စီးနင်းဖို့ တချို့ငွေကြေးမတတ်နိုင်တဲ့ ပြည်သူလူထုတွေရှိနေတယ်ပေါ့နော။ ဆိုတော့ ဒီလိုမျိုးကြုံရတဲ့အချိန်မှာ ဆရာတို့အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးသွားလဲ။
ဖြေ ။ ။ ဟုတ် ကျနော်တို့ ကြုံဖူးပါတယ်။ လိုင်းဆွဲပြီး အခုချိန်အထိ ကျနော်တို့ကြုံဖူးပါတယ်။ သို့ပေမဲ့ ကျနော်တို့က အတိအလင်းကြေညာမှုမရှိဘူး။ ဘယ်သူမှလဲ ဖွင့်မပြောဘူး။ အခု ဆရာမ မေးလို့သာ ကျနော်ပြောပြရမယ်ဆိုရင် ဆရာမပြောသလိုမျိုး အဲဒီလိုမျိုး လူတွေရှိတယ်။ ကျနော်တို့က အဲဒါကို ကားခမတတ်နိုင်ဘူး။ တကယ့်မဖြစ်မနေ သွားရမယ် လာရမယ် အဲဒီလိုအနေအထားမျိုးရှိနေမယ်ဆိုရင် ကျနော်တို့ ကူညီပြီး ခေါ်ဆောင်သွားတဲ့အပြင် ကျနော်တို့ဂိတ်သတ်မှတ်ထားတဲ့ မယ်စဲ့တို့ ဒီးမော့ဆိုတို့ နေရာမျိုးတွေမှာ သူတို့ရောက်ပြီးတော့မှ သူတို့ရဲ့ နောက်ထပ်တွေ့ရမယ့် ဆုံရမယ့် သွားရမယ့်နေရာကို လာကြိုမယ့်သူမရှိသေးဘူး။ သွားဖို့ အဆင်မပြေသေးဘူးဆိုရင် ကျနော်တို့ဆီမှာ လေးငါးရက် တင်ကျွေးထားရတဲ့ အခြေအနေမျိုးလည်း မကြာမကြာ ကြုံခဲ့ရတဲ့ အခြေအနေမျိုးမှာရှိပါတယ်ပေါ့နော။

မေး ။ ။ ခရီးသည်အတွက် စျေးနှုန်းတွေမြင့်တယ်လို့ လူထုတချို့ကပြောနေကြတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်လဲ။
ဖြေ ။ ။ IEC ယာဥ်လိုင်းဆိုပြီးတော့မှ စျေးများတယ်ပြုတယ်ဆိုပြီးတော့ ကျနော်တို့ အပြင်က ပုဂ္ဂလိကတွေ ကုန်တွေတင်ပြီးသွားလာတဲ့လူတွေနဲ့ သူတို့လိုက်စီးရင်လည်း လေး၊ ငါးသိန်း မော်ချီးဆိုရင် ပေးစီးနေကြတယ်။ ကျနော်တို့က အများကြီးလျော့ပြီး ယူပေးပါတယ်။ နောက်တခုက ဆီစျေးနှုန်းနဲ့ကြည့်ပြီးတော့မှ နည်းနည်းတော့ စျေးအပြောင်းအလဲရှိတာပေါ့။ ဆီစျေးက တက်ရင်တက်သလို ကျရင်လည်း ကျသလို အပြောင်းအလဲရှိတယ်။

မေး ။ ။ ဒီ IEC ယာဥ်လိုင်းနဲ့ပတ်သက်ပြီး ထပ်ဖြည့်စွက်ပြောပြချင်တဲ့အကြောင်းအရာတွေ ရှိသေးလား။
ဖြေ ။ ။ IEC ယာဥ်လိုင်းဆိုတာက ကြားကာလ အုပ်ချုပ်ရေးကောင်စီ အစိုးရတရပ်ပေါ့နော။ ကြားကာလ အုပ်ချုပ်ရေးကောင်စီအစိုးရတရပ်ရဲ့ ယာဥ်လိုင်းဖြစ်ပြီးတော့မှ စျေးတွေများလိုက်တာ ကြီးလိုက်တာဆိုတာက အဲဒီလူက သေချာလိုက်စီးဖူးတဲ့လူတွေမဟုတ်ပဲနဲ့ ဝေဖန်နေတဲ့လူပေါ့နော။ သေချာစီး ခရီးတွေသွားပြီးတော့ လိုက်စီးဖူးတဲ့ လူတွေကတော့ ကျနော်တို့ ယာဥ်လိုင်းရဲ့ အကြောင်းကို ကောင်းကောင်းသိပါတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခဏက ဆရာမပြောတဲ့ပုံစံလိုမျိုးပေါ့နော။ ကျနော်တို့ ကြေညာလို့မရဘူးပေါ့နော။ အဆင်မပြေတဲ့လူတွေဆိုရင် ကျနော်တို့က IECက ကူညီနေတယ်ဆိုရင် ဘယ်သူမဆို အဆင်မပြေဘူးလို့ လာကြမှာပဲ။ အဲဒီတော့ ကျနော်တို့ IEC ကလည်း ပြောရမယ်ဆိုရင် ခိုင်မာတောင့်တင်းပြီးတော့မှ အခွန်ဘဏ္ဍတွေနဲ့ ပြည့်စုံတည်ဆောက်ထားတဲ့ အစိုးရတရပ်မဟုတ်သေးတဲ့အတွက်ကြောင့် ကူညီသင့်သလောက်တော့ လူသားချင်းစာနာမှုအကူအညီတွေ ကူညီနေတယ်ဆိုတာကို နားလည်ပေးစေချင်တယ်။ ဘေးကနေ ဝေဖန်နေမယ့်အစား ကြားကနေဝင်ကူကြည့်ပါဆိုပြီးတော့ ဝေဖန်တဲ့လူတွေကို စကားလက်ဆောင်အနေနဲ့ မက်ဆေ့ပေးချင်ပါတယ်လို့။

spot_img
spot_img