spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို မြို့နယ် ကျေးရွာ တစ်ရွာတွင် ရိုးရာ ပေါ်ကေးနော်ဒူပွဲ (နတ်မင်းကြီး ပူဇော်ပွဲ) ကျင်းပပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ( သြဂုတ်လ (၁၄)ရက်နေ့) မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ကျေးရွာတစ်ရွာတွင် ကရင်နီရိုးရာဓလေ့ဖြစ်တဲ့ ပေါ်ကေးနော်ဒူပွဲ (နတ်မင်းကြီး ပူဇော်ပွဲ) ကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ရိုးရာပွဲဟာ ရှေ့ဘိုးဘွား လက်ထဲကတည်းက အစဥ်အလာအရ ကျင်းပလာတဲ့ ပွဲ ဖြစ်ပြီး (၇)နှစ်မှာ တစ်ကြိမ်သာ ကျင်းပ ပြုလုပ်ရတဲ့ပွဲဖြစ်ပါတယ်။ အဆိုပါ ပွဲကို မကျင်းပခင်မှာ ဓလေ့အရ (၃)ရက်တာ တောလိုက်ပွဲကို ဦးစွာ ပြုလုပ်ခဲ့ကြပါတယ်။

တောလိုက်လို့ ရရှိလာတဲ့ တောကောင်တွေကို ပေါ်ကေးနော်ဒူ (နတ်မင်ကြီး ပူဇော်ပွဲ) မှာ ပြန်လည် ပူဇော်ပသကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်၊ဝက် ၊ နွားတို့နဲ့လည်း ပူဇော်ရတယ်လို့ ဆိုပါတယ်။

အခြေအနေအရ တိုင်းပြည်မှာ ဘယ်လောက်ပဲ မတည်ငြိမ်မှုတွေ ရှိနေပါစေ၊ မိမိတို့ ရဲ့ ရိုးရာကို ကျင်းပဖို့ အချိန်အခါ ရောက်ရှိလာရင်တော့ သေနတ်သံတွေ ကြားထဲမှာလည်း ကြိုးစားပြုလုပ်သွားရမှာဖြစ်ပြီး အဆိုပါသေနတ်ကျည်ဆံတွေရဲ့ ထိခိုက်မှုကနေ ရေမြေသခင်တွေက ကျနော်တို့ကို စောင့်ရှောက် ပေးမယ်လို့ သက်ကြီးပိုင်း ရွာမိရွာဖ တစ်ဦးက လူငယ်တွေကိုရှင်းပြပါတယ်။

“အခုက ပေါ်ကေးနော်ဒူ (နတ်မင်းကြီး ပူဇော်ပွဲ) ပေါ။ (၇)နစ်လျှင် တစ်ကြိမ်သာ ပြုလုပ်တယ်။ အခုက ကျနော်တို့ ထွက်ရပြေးရတယ်။ ရက်၊လ၊နှစ် ရောက်ရှိလာပြီ။ ကျနော်တို့ ပူဇော်ပွဲတွေ ပြုလုပ်ရမယ်။ ရေမြေ ရှင်သခင်က ကျနော်တို့ကို စောင့်ရှောက်မယ်ဆိုပြီး ကျနော်တို့ ကလေးတွေကို ပြောပြတယ်။ ကျနော်တို့ ကြိုးစားရမယ်။ မကြိုးစားလို့ မရတော့ဘူး။ သေနတ်သံပေါက်တာ ပေါက်မှာပဲ။ သူ့သူ တစ်ခြားနေရာမှာ ဖောက်ကြလိမ့်မယ်။ ကျနော်တို့ ရိုးရာ ကို ကျနော်တို့ ပူဇော်ရမယ်။ ကျနော်တို့ ရဲ့ကလေးတွေက ကြားထဲကနေ လွတ်မြောက်သွားလိမ့်မယ်။ တူတူကြိုးစားကြမယ်လို့ ကျနော်တို့ ရဲ့ ကလေးတွေကို ပြောပြတယ်” လို့ သက်ကြီးပိုင်း ရွာမိရွာဖ တစ်ဦးကပြောပါတယ်။

ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်သူတွေကတော့ အဆိုပါပူဇော်ပွဲတွေကို ကျင်းပပြုလုပ်ပြီးသွားရင် မကောင်းမှုတွေ ပပျောက်ပြီး ကောင်းမှု တွေရောက်ရှိလာမယ်လို့ ယုံကြည်ထားကြတာပါ။

“ကျနော်တို့ ပူဇော်ပွဲ လုပ်ပြီးပြီဆိုရင် ကျနော်တို့ အလုပ်လုပ်ရင်လည်း ပိုကောင်းလာရမယ်။ တောစောင့်နတ် တောင်စောင့်နတ်တွေက ကျနော်တို့ကို စောင့်ရှောက်မယ်။ နာမကျန်းလည်း မဖြစ်တော့ဘူး။ နေလို့ထိုင်လို့ ပိုကောင်းလာမယ်။” သူက ဆက်ပြောပါတယ်။

အဆိုပါ ပေါ်ကျေးနောဒူ ပွဲ ပြုလုပ်တဲ့ ကျေးရွာဒေသခံအများစုဟာ ဟာ လက်ရှိမှာ စစ်ရှောင်နေကြရတာ ဖြစ်ပြီး ကျေးရွာ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်သာ ပြန်လာနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီနှစ်ပူဇော်ပွဲရဲ့ ရလဒ်ကတော အလွန်ကောင်းမွန်ပြီး အနာဂတ်အတွက် ပိုပိုကောင်းမွန်လာမယ်လို့ ယုံကြည်ထားကြပါတယ်။

spot_img
spot_img

Recent posts