spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်မရောက်ရှိတာ ၃လကျော်ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်တွေ မရောက်တာ ၃လကျော်ရှိနေပြီး စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ အဲဒီစစ်ရှောင်စခန်းနေ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ချယ်ရီမိုးက ပြောပါတယ်။

“အစပိုင်း စစ်စရှောင်တုန်းက အလှူရှင်တွေ တော်တော်လေးကို ဝင်လာကြတယ်ပေါ့နော။ တော်တော်လေးကိုရတယ်။ မိုးကာတို့ ဆန်၊ဆီ၊ဆားတို့ အကုန်ပေးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ အလှူရှင်တွေ သိပ်မလာဖြစ်တော့ဘူး။ အလှူရှင်တွေ မလာဖြစ်တော့တာ၊ နှစ်လ၊ သုံးလလောက်တော့ရှိပြီ။” လို့ သူက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၁၅၀ ကျော်နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် အလှူရှင်မရောက်တာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။ လက်ရှိမှာ နေ့စဉ်စားဝတ်နေရေးအတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေကို မှီခိုနေရတယ်လို့ ဆိုပါတယ်။

“ကိုယ့်ဝမ်းရေးအတွက်တော့ ကိုယ့်ဘာသာကိုယ်ရှာစားနေရတာပေါ့နော။ အခုက ဒါ မုန်ညှင်းတို့ဆိုရင် ကိုယ့်ဝမ်းရေးအတွက် နည်းနည်းပါးပါးပြန်စိုက်စားတာတို့ အဲလိုတွေ ပြန်လုပ်လာခဲ့ရတာပေါ့နော။ ဒါပေမယ့် စစ်ရှောင်မှာဆိုတော့ မြေနေရာလည်း အဲလောက်မရှိခါကျတော့ နည်းနည်းလောက်ပဲ စိုက်ပျိုးစားသောက်နေရတယ်ပေါ့နော။” လို့ ချယ်ရီမိုးက ဆက်ပြောပါတယ်။

ကရင်နီပြည်တွင်းက စစ်ရှောင်တွေဟာ စားဝတ်နေရေးအတွက် အလှူရှင်တွေကိုသာ အဓိက မှီခိုနေရပြီး စစ်ရှောင်စခန်းတိုင်းနီးပါးမှာ အလှူရှင်နည်းပါးတာတွေကြုံတွေ့နေရသလို စစ်ရှောင်တွေကိုယ်တိုင်ကလည်း ဝင်ငွေရ အလုပ်အကိုင်နည်းပါးတာကြောင့် ဝယ်ယူစားသောက်ဖို့လည်း အခက်အခဲဖြစ်နေတာပါ။

လက်ရှိမှာဆိုရင်လည်း အလှူငွေ ရရှိမှုနည်းပါးလာတာတွေလည်း ကြုံနေရတဲ့အတွက် လိုအပ်မယ့် စစ်ရှောင်နေရာတွေကို ပဲ ဦးစားပေး တာတွေရှိတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦး ကဆိုပါတယ်။

” တကယ်လိုအပ်တဲ့လူတွေကိုပဲ ပေးတာတို့ ကွင်းဆင်းပြီးတော့မှပဲ ဘယ်နေရာပိုလိုအပ်လဲဆိုတာကို ကြည့်ပြီးတော့ ပေးတာတို့ အဲဒီလိုမျိုးတွေ ရှိတယ်ပေါ့။ သူတို့တွေက အဖွဲ့တိုင်းပါပဲ။ ဒီလိုအပ်တဲ့နေရာ လိုအပ်သလောက်ပဲ ဥပမာ ဒီနေရာ ဒီ Camp မှာက ဥပမာ မိုးကာလိုအပ်တယ်ဆိုရင် ဒီဘက်ကို မိုးကာပေးတယ်။ ဟိုဘက်မှာ စားဝတ်နေရေးလိုအပ်ရင် လိုအပ်တဲ့နေရာကိုပဲ ဦးစားပေးတယ်။ အဲလိုမျိုး အလှူရှင် အသွားအလာ နည်းပါးတဲ့နေရာကိုပဲ ဦးစားပေးတယ်။ အဲဒီလိုမျိုးတော့ ရှိမှာပေါ့။ ” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ရဲ့ နေရာတော်တော်များများမှာ တိုက်ပွဲတွေ၊ လက်နက်ကြီးတွေကျရောက်သလို စစ်ကောင်စီတပ်စွဲတာတွေလည်း ရှိနေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ပြန်ဖို့လည်း အခက်အခဲရှိနေပါတယ်။

“အဲဒီမှာ စစ်တပ်တွေက သူတို့စခန်းလာချတာ တစ်လနှစ်လလောက်တော့ ရှိတယ်ပေါ့နော။ ပထမဆုံးကတော့ တစ်ခေါက် ဒုတိယနောက်တစ်ခေါက် တတိယတစ်ခေါက် သုံးခေါက်တောင်မှပေါ့။ သူတို့လာချတာ ပြီးထွက်သွားပြီးပြန်လာ။ ပြီးပြန်ထွက်သွား နောက်ဆုံးတစ်ခေါက် အကြာဆုံးပဲပေါ့။ နောက်ဆုံးတစ်ခေါက်မှာ သူတို့မိုင်းထောင်ထားတာကတော့ တော်တော်လေးများတယ်ပေါ့နော။ ကျွဲ၊နွားတွေ သွားနင်းမိတာတွေတော့ များတယ်ပေါ့။ အဲဒီမှာ မိုင်းတွေရှိတယ်ဆိုပြီးတော့ မပြန်ရဲကြတော့ဘူးပေါ့နော။ ပြန်လည်းမပြန်ခိုင်းတော့ဘူး။ လုံခြုံရေးနည်းနည်းသိတဲ့လူတွေက ကျနော်တို့ကို ပြောတယ်ပေါ့နော။ အဲဒါနဲ့ တောင်ပေါ်မှာပဲနေရတယ်။” လို့ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုရဲ့ ကော်မတီတစ်ဦးဖြစ်တဲ့ ခူးညားရယ်က ပြောပါတယ်။

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် မေလကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နှစ်သိန်းကျော်ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts