spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဆန်ရိက္ခာ ပြတ်လပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ဆန်ရိက္ခာပြတ်လုနီးဖြစ်နေတဲ့အတွက် သူတို့အတွက် ဆန်ရိက္ခာလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

“ဆန်ပေါ့။ ဆန်တွေ ပြတ်လပ်တယ်။ ဆီတို့ တခြားရိက္ခာခြောက်တို့ဆိုရင် အစကတည်းက ပြတ်လပ်တယ်။ အစကတည်းက မရှိဘူးပေါ့နော။ စစ်ဘေးရှောင်တွေ ရိက္ခာခြောက် ဆီတို့ သူတို့မစားရတာ ကြာပြီပေါ့နော။ ဆိုတော့ ဒါပေမယ့် အရမ်းရေးကြီးတာက ဆန်ပေါ့နော။ အဓိက ဆန်နဲ့ဆားပေါ့နော။ ဆန် အရေးကြီးဆုံးဆန်မှ တချို့သောလူတွေ တချို့စခန်းတွေ ပြတ်လတ်တဲ့ဟာမျိုးတွေ ကြုံတွေ့နေရတာပေါ့။” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဆန်ရိက္ခာပြတ်လပ်တဲ့ အိမ်ထောင်စုတွေကို နှစ်ပတ်စာ ဆန်ထုတ်ပေးတာတွေ ပြုလုပ်ပေးနေပြီး ရေရှည်မှာ အလှူရှင် ထပ်မရောက်လာရင် စစ်ဘေးရှောင်တွေ အခြေအနေ ပိုဆိုးဝါးသွားနိုင်တယ်လို့ ဆိုပါတယ်။

“ခုလက်ရှိလည်း ငတ်ပြတ်နေတဲ့ မိသားစု တစ်ချို့ ရှိနေတယ် ။ နပ်မမှန်ကြတော့ဘူး။ ကလေးကိုသာ ဦးစားပေးကျွေးပြီး လူကြီးတွေက ထမင်းမစားပဲ အိပ်ခဲ့ရတဲ့ မိသားစုတွေ ရှိနေကြပါတယ်။
ကလေးတွေ အာဟာရဓာတ် ချို့တဲ့ပြီး အနီရောင်အဆင့် ရောက်နေတဲ့ ကလေးတစ်ချို့လည်း ရှိနေတာ တွေ့ရပါတယ်။ ရေရှည်ကြရင်တော့ စားနပ်ရိက္ခာ ပြတ်လပ်ပြီး ကျန်းမာရေးပါ အများကြီး ထိခိုက်လာနိုင်ပါတယ်။” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်းပေါင်း ၉၈ ခုရှိပြီး လူဦးရေ ၂၁၆၆၈ ဦး ရှိတယ်လို့ ကရင်နီ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်ရဲ့ စာရင်းအရ သိရပါတယ်။

တစ်ဦးအတွက် ဆန်တစ်ပြည်ဝေရင် ဆန် ၁၀၃၈ အိတ် ကုန်ကျမှာဖြစ်ပြီး လက်ရှိ စျေးနှုန်းအရ ဆန်တစ်အိတ် ၆ သောင်းဝန်းကျင်ရှိနေပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိနေပြီး တချို့စစ်ရှောင်စခန်းတွေမှာ ဝင်ငွေရ အလုပ်အကိုင်တွေမရှိတဲ့အတွက် အလှူရှင်တွေဆီကနေ စားနပ်ရိက္ခာတွေကို မှီခိုနေရတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းတွေ ခက်ခဲနေတဲ့အပြင် စစ်ကောင်စီက ဆန်ရိက္ခာတွေကို ပိုမိုကန့်သတ်ထားတဲ့အတွက် ရိက္ခာတွေပြတ်လပ်နေပြီး စစ်ရှောင်စခန်းတွေမှာလည်း နှစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်သာ အလှူရှင်ရောက်ရှိတော့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts