spot_imgspot_imgspot_imgspot_img
Monday, February 10, 2025
spot_imgspot_imgspot_imgspot_img

ဒီး‌မော့ဆို အရှေ့ခြမ်းက ကျေးရွာတစ်ရွာမှာ တောဟင်းရှာထွက်တဲ့ အမျိုးသမီး မိုင်းနင်းမိပြီး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း ကျေးရွာတစ်ရွာမှာ တောဟင်းရှာထွက်ရာကနေ အမျိုးသမီးတစ်ဦး ၁၆ မိုင်း နင်းမိပြီး ခြေနှစ်ဖက်လုံးပြတ်ကာ သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံဆီကနေ သိရပါတယ်။

ဒီနေ့ မေလ ၁၁ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တောဟင်းရှာထွက်ရာမှ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဲ့နေရာက တိုက်ပွဲစဖြစ်တုန်းက စစ်တပ်ဖက်က လာပြီးအခြေချဖူးတယ်လေ။ ပြီး‌တော့ ကန့်သတ်နယ်မြေအဖြစ်လည်း သတ်မှတ်ထားတယ်။ ဒါပေမဲ့ ဟင်းအတွက် သက်သာမလားဆိုပြီး တောထဲက ဟင်းဖြစ်တဲ့ အရွက်ဖြစ်ဖြစ် ခါချဥ်ဖြစ်ဖြစ်ပေါ့ ထွက်ရှာတယ် အဲ့လိုမျိုးပေါ့။ အဲ့တာ မိုင်းကွဲသံကြားချိန်တော့ သွားကြည့်တဲ့အချိန်မှာတော့ ခြေနှစ်ဖက်လုံးက မရှိတော့ဘူး။ အသက်ကရှိသေးတယ်။ ဆေးရုံသွားပို့ဖို့ လမ်းတစ်ဝက်မှာ သေသွားတာပေါ့”လို့ အသက် ၂၄နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ ထိခိုက် သေဆုံးသူမှာ အသက် ၅၇နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ မိုင်းနင်းမိတဲ့နေရာဟာ ကျေးရွာတာဝန်ရှိသူတွေ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က တပ်စွဲအခြေချဖူးတဲ့နေရာဖြစ်တာကြောင့် နင်းမိုင်းတွေကျန်ရှိနေပြီး နင်းမိုင်းတွေကြောင့် နွားတွေလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

တောဟင်းရှာထွက်ချိန်မှာ အမျိုးသမီးနှစ်ဦးအတူသွားကြတာဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်စွဲနေထိုင်တာ မရှိတော့ပေမဲ့ မိုင်းအများအပြားထောင်ထားခဲ့တာကြောင့် နေရပ်ပြန်တဲ့ဒေသခံတွေ မကြာခဏ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုတွေရှိနေတာ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts