spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ဘက်ခြမ်း ဒေါညေးခူကျေးရွာမှာ နေအိမ်မီးရှို့ခံရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါညေးခူ ကျေးရွာမှာ ယမန်နေ့ မတ်လ ၁၂ရက်နေ့က နေအိမ်တချို့ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကျနော်တို့ ပြန်ရောက်တုန်းက သူတို့ တစ်လုံးနှစ်လုံး ရှို့ပြီးပြီ။ ကျနော်ရဲ့ ဇနီးနဲ့ ကလေးကို စစ်ရှောင်မှာသွားထားပြီး ရွာပြန်ကြည့်တော့ သူတို့ ( စစ်ကောင်စီ ) မီးရှို့နေတယ်။ ကျနော်ပြန်ကြည့်တဲ့အချိန် နှစ်လုံး၊ သုံးလုံး ရှို့ပြီးပြီ။ နောက်ပြီး ညနေပိုင်းမှာတော့ ၅လုံး၊ ၁၀ လုံးလောက်ထပ်ရှို့သေးတယ်။ နောက်ပြီး ကျနော်တို့ ညအိပ်တယ်။ နောက် မနက်ရောက်တော့ သေနတ်ပစ်သံတွေကြားတော့ သူတို့ထပ်ရှို့တယ်။ ၁၀လုံးလောက်ပေါ့။ အခုဆို ၂၀ ကျော်လောက်ရှိပြီ။ ၂၀ကနေ ၃၀ ကြားရှိပြီ။ ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်းက မီးလောင်မှုတွေကို မှတ်တမ်းတင်နေတဲ့ Fire Information for Resource Management System ( FIRMS ) ရဲ့ မှတ်တမ်းအရ ယမန်နေ့ မတ်လ ၁၂ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်မှာ ဒေါညေးခူကျေးရွာ မီးလောင်မှုရှိခဲ့ပြီး မတ်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဒေါတမကြီးကျေးရွာမှာ မီးလောင်မှုရှိနေကြောင်း ဖော်ပြထားပါတယ်။

“ ထိတွေ့တိုက်ပွဲတွေကတော့ ရှိနေတုန်းပါပဲ။ ဒေါညေးခူကျေးရွာဘက်မှာတော့ နေအိမ်တွေ မီးရှို့ခံရတာတွေရှိပါတယ်။ “ လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်ရှိမှာ စစ်ကောင်စီဟာ ဒေါညေးခူကျေးရွာထဲမှာ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ အဲဒီကျေးရွာအနီးတစ်ဝိုက်မှာ မီးခိုးငွေ့တွေ တွေ့နေရပြီး နေအိမ်ဘယ်လောက် မီးလောင်သွားတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဒေါညေးခူကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး အဲဒီရွာနဲ့ ၁ ကီလိုမီတာအကွာ ဒေါတမကြီးကျေးရွာမှာတော့ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိနေပါတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဒေါတမကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ရှောင် နှစ်သောင်းဝန်းကျင်ရှိနေပြီး အဲဒီထဲက ၅ ထောင်ဝန်းကျင်ဟာ တိုက်ပွဲတွေဖြစ်ပွားနေသေးတဲ့အတွက် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်လို့မရပဲ ပိတ်မိနေတဲ့ အခြေအနေမျိုးမှာရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts