spot_imgspot_imgspot_imgspot_img
Wednesday, October 9, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခကြားက အချင်းချင်းဖေးမကြတဲ့ ကရင်နီပြည်သူများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးလက်တောရွာတစ်ရွာက တစ်ဧကခွဲ လောက်ကျယ်တဲ့ ခြံတစ်ခုရဲ့ထောင့်မှာ တဲအိမ် သေးသေးလေး ၁၀ လုံး ခန့်ရှိနေပါတယ်။

အဆိုပါမြင်တွေ့ရတဲ့ တဲအိမ်သေးသေးလေး ၁၀ လုံးဟာ ကရင်နီပြည်က တိုက်ပွဲပြင်းထန်တဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်း ကျေးရွာ အသီးသီးမှ လာရောက်ခိုလှုံနေသော နေရပ်ပြန်လို့မရသေးတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ ဒေသခံတစ်ဦးကပဲ သူမရဲ့ အိမ်ခြံဝင်းထဲမှာ နေထိုင်နိုင်ဖို့ လက်ခံထားတာပဲဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တဲအိမ်သေးသေးလေး ၁၀ လုံးထဲမှာမှ ဒေါ်ဘူးမြာတို့မိသားစုလည်း ပါဝင်နေပါတယ်။ သူမရဲ့ မိသားစုဝင်များဖြစ်ကြတဲ့ သူမခင်ပွန်း၊ သူမသားလေးတို့နဲ့အတူ နေထိုင်ကြတာပါ။

ဒေါ်ဘူးမြာတို့ မိသားစုကတော့ ယခင်က ကယားရွာမှာနေထိုင်ခဲ့တဲ့ ကယားလူမျိုးဖြစ်ပြီး၊ လက်ရှိ မှာတော့ သူမတို့လာရောက်နေထိုင်ရတဲ့ နေရာဟာ ကယန်းလူမျိုးတွေ နေထိုင်တဲ့ ကယန်းရွာလေးတစ်ရွာြဖစ်ပါတယ်။

ဒေါ်ဘူးမြာတို့ကို လက်ခံပေးတဲ့ အိမ်ရှင်ကတော့ အသက် (၅၀) ကျော်အရွယ် ကယန်းအမျိုးသမီး တစ်ဦးဖြစ်တဲ့ ဒေါ်မူဆောက် ဖြစ်ပါတယ်။ သူမကတော့ ပိုင်ဆိုင်တဲ့ အိမ်ခြံဝန်းထဲ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရသူတွေကို လာရောက်နေထိုင်ခွင့်ပေးရတဲ့အတွက် ပျော်ရွှင်နေသူ တစ်ဦးပါ။ စစ်ပွဲကြောင့် ဒုက္ခရောက်နေသူအချင်းချင်း ကိုယ်ချင်းစာတာကြောင့် သူ့ထက်ပိုပြီး ဒုက္ခရောက်နေသူတွေကို ကူညီချင်တယ်လို့ ဆိုပါတယ်။

“ထပ်လာပါစေ။ ဒုက္ခရောက်တဲ့လူတိုင်းကို ကူညီချင်တယ်။” လို့ အိမ်ရှင် ဒေါ်မူဆောက်က ပြောပါတယ်။
ဒေါ်မူဆောက်ရဲ့ ပြောစကားထဲမှာ “ထပ်လာပါစေ” ဆိုတဲ့စကားဟာ စစ်ပွဲကြောင့် ဒုက္ခရောက်နေသူပိုများလာစေချင်တဲ့ သဘောတော့မဟုတ်ပါဘူး။ ဒုက္ခရောက်နေသူတိုင်းကို လက်ခံကူညီမယ်ဆိုတဲ့ သဘောနဲ့ ပြောဆိုနေခြင်း ဖြစ်ပါတယ်။
ကယန်းနဲ့ ကယား လူမျိုးစုတွေဟာ အခြေခံအားဖြင့် ညီအစ်ကိုရင်း ကရင်နီမျိုးနွယ်စုတွေဖြစ်ကြပေမဲ့ ဘာသာစကားချင်း မတူကြပါဘူး။

ဒေါ်မူဆောက်နဲ့ ဒေါ်ဘူးမြာတို့အတွက်တော့ စကားပြောဆိုတဲ့ အခါမှာ ဘာသာစကား အခက်အခဲရှိနေပေမဲ့ ခြေဟန်လက်ဟန်နဲ့ နားလည်အောင် ပြောဆိုရတတ်တယ်လို့ ပြောပါတယ်။ သို့ပေမယ့် တစ်နှစ်ကျော်ကြာလာတဲ့ အခုလို အချိန်မှာတာ့ အဲဒီအခက်အခဲတွေကတော့ အလိုလိုနေရင်းနဲ့ သဟဇာတ ဖြစ်သွားခဲ့ပါပြီ။

ဒေါ်မူဆောက်ပြောတဲ့ ကယန်းစကားကို ဒေါ်ဘူးမြာက အကုန်လုံးကိုနားမလည်ရင်တောင် တချို့တဝက်ကို ခန့်မှန်းသဘောပေါက်နေပါပြီ။ အလားတူပဲ ဒေါ်ဘူးမြာတို့ရဲ့ ကယားစကားကို ဒေါ်မူဆောက်ကလည်း နားယဉ်နေပြီဖြစ်ပါတယ်။

ဒါတွေတင်မကပါဘူး စစ်ရှောင်တာ နှစ်နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ ဒေါ်ဘူးမြာကတော့ လုပ်ကိုင်စားသောက်ဖို့ တောင်ယာမရှိပေမဲ့၊ ဒေါ်မူဆောက်ရဲ့ ခြံဝန်းထဲ စိုက်ပျိုးသီးနှံတွေကို ကူညီစိုက်ပျိုးပေးပြီး မျှဝေစားသောက်နေကြတာပါ။

“ကျမတို့နေတဲ့ အိမ်ကွက်တစ်ကွက် သူတို့ဘာပဲလုပ်လုပ် ကျမတို့သွားလုပ်ကူတယ်။ နောက်ပြီးတော့ သူတို့ဘာပဲရှိရှိ သွားယူစားလို့ရတယ်။ ခူးစားလို့ရတယ်။ သူပြန်လာခေါ်တယ်။ပြီးတော့ သူ့တောင်ယာမှာ ကျမတို့ သွားခူးစားတယ်။ အခုကျမတို့နေတဲ့ အိမ်ကပေါ့။ ” လို့ဒေါ်ဘူးမြာက ပြောပါတယ်။

ဒေါ်ဘူးမြာဟာ စစ်ဘေးရှောင်တာ နှစ်နှစ်ကျော်ပြီဖြစ်ပြီး တခြားကျေးရွာတွေမှာ စစ်ဘေးရှောင်အဖြစ် သွားရောက်နေထိုင်ဖူးသူလည်းဖြစ်ပါတယ်။ ဒေါ်မူဆောက်တို့ အိမ်ခြံဝန်းထဲ မနေထိုင်ခင်က တောထဲမှာ သွားနေခဲ့ပေမဲ့ ပိုးကောင် ( ခူယား )တွေ များပြီး တဲအိမ်တွေထဲထိဝင်ကာ ယားယံမှုတွေဖြစ်ခဲ့တဲ့အတွက် ဆက်ပြီးမနေနိုင်တော့ပဲ ကျေးရွာထဲနေထိုင်ခွင့်ကို တောင်းခဲ့တယ်လို့ ဆိုပါတယ်။

“ကျမတို့ ထင်းရူးပင်အောက်မှာ သွားနေတော့ ပိုး ( ခူယား )တွေ တအားများတော့ ကျမတို့ ဒီမှာပြောင်းလာနေတာ။ ကျမ ယောက်မက အိမ်ခြံကွက်တွေ လိုက်တောင်းပြီးနေတာပေါ့။ ဒီမှာ နေခွင့်ရဖို့ ခြံကွက်တောင်းပြီး တစ်ယောက်နည်းနည်းစီ မျှပြီးနေကြမယ်ဆိုပြီးတော့ မျှနေကြတာပေါ့။” လို့ ဒေါ်ဘူးမြာက ပြောပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် လူထုတွေဟာ နေ့စဉ် ဒုက္ခပင်လယ်နဲ့ ကြုံတွေ့နေရပါတယ်။ ဒီလို ဒုက္ခတွေကြားမှာ ကရင်နီလူထုတွေဟာ အချင်းချင်းကူညီရိုင်းပင်းရင်း အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာကို တွေ့ရပါတယ်။ ဒေါ်မူဆောက်နဲ့ ဒေါ်ဘူးမြာတို့ မိသားစုတွေကတော့ စံထားစရာ ပုံဥပမာတစ်ခုပေါ့။

ဒေါ်ဘူးမြာလိုပဲ ဒေါ်လွှီးဇာကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဒေါ်လွီးဇီတို့ လာရောက်နေထိုင်တဲ့ ကျေးရွာမှာတော့ စစ်ရှောင်တွေဟာ ရှိနေတဲ့ ရွာခံတွေထက် သုံးဆလောက် လူဦးရေ ပိုများနေပါတယ်။ ဒါပေမဲ့လည်း ကျေးရွာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ စစ်ရှောင်တွေဘက်က လိုက်နာကျင့်သုံးနေကြတာပါ။

“ဒီမှာလာနေတယ်ဆိုတော့ သူများဒေသမှာနေတယ်ဆိုတော့လည်း အလိုက်တသိနဲ့ စည်းကမ်းနဲ့နေရတယ်ပေါ့နော။ ရေဖြစ်ဖြစ် အမှိုက်ဖြစ်ဖြစ် ရေလည်းစနစ်တကျ သုံးဆွဲရတယ် ချွေတာသုံးပေးရတယ် အဲ့ဒီလိုရေရှားတဲ့အချိန်ပေါ့။ ပြီးတော့ အမှိုက်ခါကျတော့ အရမ်းမပစ်နဲ့ သူတို့ တိရစ္ဆာန်တွေ ဘာတွေ ကျွဲနွားတွေစားမိရင်၊ ကိုယ်က ကိုယ့်စည်းကမ်းနဲ့ကိုယ်ထုတ်ရတယ် စစ်ရှောင် စည်းကမ်းပေါ့နော။ ဂုံနီအိတ်ထဲထည့်၊ ဟိုး ကျွဲနွားတွေ မသွားနိုင်တဲ့နေရာတွေကို ဂူပေါက်အနက်တို့ သို့မဟုတ်ရင် ကိုယ့်ဟာကို နည်းနည်းစီ မီးရှို့ရတယ် အဲ့ဒီလိုမျိုးစည်းကမ်းပဲသတ်မှတ်ထားတယ်။” လို့ ဒေါ်လွီးဇာက ပြောပါတယ်။

လက်ရှိမှာ လူဦးရေတွေများလာတဲ့အတွက် ဒေါ်လွှီးဇာ စစ်ဘေးဒုက္ခသည်အဖြစ် နေထိုင်တဲ့ကျေးရွာမှာ လူနေထိုင်မှုပုံစံတချို့လည်း ပြောင်းလဲလာတာရှိသလို အဲဒီကျေးရွာမှာ အနေကြာလာတော့ စစ်ရှောင်နဲ့ ရွာခံ ရင်းနှီးမှုတွေ ပိုမို တည်ဆောက်လာနိုင်တယ်လို့ စစ်ရှောင်ကော်မတီအဖြစ် ဆောင်ရွက်နေတဲ့ ဦးကိုးရီက ပြောပါတယ်။

“အဲဒါကတော့ ရွာခံနဲ့ စစ်ရှောင်ကတော့ အများကြီး ပိုပြီးတော့ ရင်းနှီးလာကြတယ်ပေါ့နော။ သဟဇာတလည်း ပိုဖြစ်လာတယ်ပေါ့နော။ သူတို့ တောင်ယာသွားတာတို့ လယ်ယာသွားတာတို့ လုပ်ကိုင်တဲ့အချိန်မှာလည်း အပြန်အလှန် သူတို့ကူညီကြတယ်။ ဖေးမ ကြတယ်။ နောက် သူတို့ ဒီလိုမျိုး သစ်တွေဝါးတွေ တဲတွေပျက်လို့ ပြန်ပြင်ရတဲ့ အခါကျရင်လည်း သူတို့ တအားအခက်အခဲ မဖြစ်တော့ဘူးပေါ့။ သူတို့ ရင်းနှီးနေတဲ့အခါကျတော့ သူတို့အေးအေးဆေးဆေး သစ်တွေ ဝါးတွေ တောင်းခုတ်လို့ရတယ်။ သူတို့ ရင်းနှီးတဲ့အခါကျတော့ တန်းပြီးတော့ ကူညီကြတာပေါ့။” လို့ ဦးကိုးရီက ပြောပါတယ်။

ဒေါ်ဘူးမြာနဲ့ ဒေါ်လွှီးဇာတို့လိုပဲ နေရင်းအရပ်ဒေသကိုစွန့်ခွာပြီး တခြားသောမြို့နယ်တွေ၊ ကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရသူတွေ ကရင်နီပြည်မှာ အများအပြားရှိနေပါသေးတယ်။ သူတို့တွေကတော့ မတူညီတဲ့နေရာဒေသ လူမျိုးတွေကြားမှာ နေထိုင်ရပေမယ့် သဟဇာတဖြစ်နေအောင်တော့ ဆက်လက်နေထိုင် နေကြရအုံးမှာပါပဲ။

ဒေါ်ဘူးမြာကတော့ သူမနေထိုင်တဲ့ ကျေးရွာဒေသခံတွေက သူမတို့လို စစ်ဘေးဒုက္ခသည်တွေကို ကူညီဖေးမကြောင်း အခုလိုပြောပြပါတယ်။

“ကျမတို့ သူများရွာမှာ သွားနေတာတော့ ဘာသာစကားမတူတော့ အခက်အခဲရှိပါတယ်။ ဒါပေမယ့် စစ်ရှောင်ဘဝဆိုတော့ ကြိုးစားပြီး နေထိုင်ရတာပေါ့။ နောက်ပြီးတော့ ရေတွေဆိုရင်လည်း သူတို့ ဦးစားပေးရှာပါတယ်။ စားစရာမရှိရင်လည်း ဟိုးမှာရှိတယ်။ သွားယူစားလို့ရတယ်။ သူတို့ ပြောရှာပါတယ်။” လို့ ဒေါ်ဘူးမြာကပြောပါတယ်။

spot_img
spot_img

Recent posts