spot_imgspot_imgspot_imgspot_img
Friday, December 6, 2024
spot_imgspot_imgspot_imgspot_img

ဒုတပ်ကြပ် ရဲမေတစ်ဦး KDF ထံ ခိုလှုံလာ၊ သူ့ရဲ့ ရွေးချယ်မှုအတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ဆို

မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)

Photo – KDF Facebook Page

ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့ထံ ဒုတပ် ကြပ်အဆင့်ရှိ ရဲမေတစ်ဦး ခိုလှုံခွင့်တောင်းခံလာတဲ့အတွက် သွားရောက်ခေါ်ဆောင်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ KDF တပ်ဖွဲ့က ဇွန် ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

 “သူက ကျနော်တို့ကို ဆက်သွယ်တာကတော့ နှစ်ပတ်လောက် ရှိပြီပေါ့နော။ သူ ခိုလှုံဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ခွာဖို့ လုပ်တယ်ပေါ့နော။ သူက ဘယ်အထိ လာပေးနိုင်တယ်၊ ကျနော်တို့က ဘယ်အထိ လာခေါ်ပေးလို့ ရမလဲ စသဖြင့် ချိတ်ဆက်ရင်း ကျနော်တို့က သွားခေါ်ပေးတာပေါ့နော။ “ လို့ KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

KDF တပ်ဖွဲ့ထံ ခိုလှုံခွင့်တောင်းခံလာသူဟာ အသက် ၂၅ နှစ်အရွယ် ဒုတပ်ကြပ် မဝီတိုရီယ (ခ)သိုးကလေး ဖြစ်ပြီး ပင်လောင်းမြို့နယ် မူးယစ်အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ရဲမေ မဝီတိုရီယ(ခ) သိုးကလေးဟာ ကိုယ်ပိုင် အမှတ် လ – ၂၇၂၈၁၇ ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမူတွေကို မခံနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီလက်အောက်ကနေ ထွတ်ခွာဖို့နည်းလမ်းမျိုးစုံ သုံးပြီး ထွက်လာရခြင်းဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

“ လက်ရှိမှာတော့ ကျနော်တို့ သူ့ကို သုံးခုပေါ့နော။ ရွေးချယ်ခွင့်ပေးထားတယ်။ ပထမ တစ်ခုက KSP မှာပဲ ရဲတာဝန်ဆက်ထမ်းဆောင်မလား ဒါမှမဟုတ် ပြည်သူ့ရင်ခွင်မှာ ခိုလှုံမလားပေါ့နော။ နောက်တစ်ခုကျတော့ ကျနော်တို့ KDF အနေနဲ့ တိုက်ခိုက်မှုတွေ လိုက်မလားပေါ့ သုံးခု ရွေးချယ်ခွင့်ပေးထားတယ်။ လောလောဆယ် သူ့ကိုတော့ ကျနော်တို့ စောင့်ကြည့်ကာလ တစ်လ ထားတယ်။ ထားပြီးတော့ ကျနော်တို့က သူရွေးချယ်တဲ့အပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်ပေးသွားမယ်” လို့ KDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိ KDF ထံ ခိုလှုံလာသူ စစ်သား ၂ ဦး၊ ရဲ ၂ ဦး ရှိပြီဖြစ်ပြီး တစ်ဦးမှာ KDF နဲ့အတူ တာဝန်ထမ်းဆောင်နေပြီး ကျန်သူတွေကတော့ သူတို့ ရွေးချယ်မှုအတိုင်း လုပ်ဆောင်ပေးခဲ့တယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ရဲ၊ စစ်သားတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို မတိုက်ပဲ အောင်မြင်နိုင်တဲ့ နည်းလမ်းက CDM နည်းလမ်း ဖြစ်တဲ့အတွက် ထပ်မံပြီး CDM ပြုလုပ်ပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။

KDF တပ်ဖွဲ့ထံ ဝင်ရောက်ခိုလူံလာမယ့် စစ်သား၊ ရဲ တွေ အနေနဲ့ လက်နက်များ ယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း ၃၀ ဆု ချီးမြှင့်မှာဖြစ်ပြီး မယူဆောင်လာပါကလည်း လုံခြုံအောင် လုပ်ဆောင်ပေးသွားမယ်လို့  KDF က ပြောပါတယ်။

spot_img
spot_img