spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသန္တာရ တရားစီရင်ရေး ကျင့်သုံးတဲ့ ကရင်နီပြည်

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာတော့ ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကို ကရင်နီပြည်အတွင်းရှိ ၂၀၂၀ရွေးကောက်ခံအမတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူငယ်နဲ့အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ အားလုံးစုပေါင်းပြီး ဖွဲ့စည်းခဲ့ပါတယ်။

ကရင်နီပြည် ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကိုဦးဆောင်ပြီး ကြားကာလ ကရင်နီပြည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း နဲ့ ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာ။

တရားစီရင်ရေး နဲ့ပတ်သက်ပြီး ဒေသခံတော်လှန်ရေးအင်အားစုထိန်းချုပ်တဲ့ နယ်မြေဒေသတွေမှာတော့ ဒေသန္တာရအုပ်ချုပ်ရေးစနစ်နဲ့သွားနေတာဖြစ်ပြီး KSCC အနေနဲ့ အဲ့ဒီတော်လှန်ရေးအင်အားစုတွေနဲ့ နယ်မြေအလိုက် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ညှိနှိုင်းဆောင်ရွက်နေဆဲလို့ သိရပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) တာဝန်ရှိသူတစ်ဦးက “တရားစီရင်ရေးတစ်ခုထဲမဟုတ်ဘူး အုပ်ချုပ်ရေးယန္တာရားတစ်ခုလုံးက KSCC ကနေ ခုနကပြောတဲ့ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ နယ်မြေအလိုက်ကို ဘယ်လိုမျိုးစီမံခန့်ခွဲမလဲပေါ့နော တရားစီရင်ရေးကို အဲ့ဒါကို ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်တယ်။ သို့သော် လောလောလတ်လတ်ကတော့ အဲ့ဒီနယ်မြေကိုထိန်းချုပ်ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကပဲ သူ့ဟာသူတော့ အစီအမံတွေ တရားစီရင်မှုတွေ လုပ်နေတာပေါ့နော။ နောက်တစ်ခုက ဒေသတွေမှာရှိတဲ့ လူထုကလည်း ဒေသအလိုက် သူ့ဟာသူ စီမံကွပ်ကဲနေတာရှိတယ်။ ဒေသန္တာရတရားစီရင်ရေးပေါ့ အထူးသဖြင့်တော့ တရားမမှုလိုမျိုးပေါ့ သူ့သူလုပ်နေတယ်ပေါ့။”လို့ ပြောပါတယ်။

တရားစီရင်ရေးအခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ချမှတ်နိုင်မယ့် တရားရေးရုံးကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ပြီး စိုးမိုး တဲ့ ကျေးလက်ဒေသတွေမှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ဒေသန္တာရ ဥပဒေနဲ့ ကျင့်သုံးနေတာဖြစ်ပါတယ်။

“တရားသူကြီးအရင်းအမြစ်အရပေါ့နော သိတဲ့အတိုင်းပဲ ဒို့ကရင်နီနယ်မြေမှာက တရားသူကြီးတွေက တော်တော်လေး မရှိဘူးပေါ့နော အရင်းအမြစ်မရှိဘူးပေါ့နော။ ဒါကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နယ်မြေမှာပဲ သူတို့ရဲ့အစီအမံတွေ သူ့ဟာသူတော့ လောလောဆယ်လုပ်နေကြတယ်။ ဒါပေမယ့် နယ်မြေမစိုးမိုးနိုင်သေးတဲ့နယ်မြေမှာတော့ နောက်ကျနောင်ကျရင် တရားသူကြီး တရားရုံးတွေ ဖွဲ့စည်းနိုင်ဖို့ အစီအမံအားလုံးရှိပါတယ်။ ဒါကလည်း လောလောဆယ်မှာ သူ့မြို့နယ်နဲ့သူ သူ့ဒေသနဲ့တူကတော့ တရားသူကြီးပေါ်ပေါက်ဖို့ကတော့ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်ကတော့ လုပ်နေကြပြီပေါ့လေ။” လို့ KSCC တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဝတ်ပြုဆုတောင်းခြင်းမြင်ကွင်း။

လူထုတစ်ရပ်လုံး ဘဝလုံခြုံမှုရှိစေဖို့အတွက် ဥပဒေကြောင်းအရ တရားစီရင်ချမှတ်နိုင်ဖို့ တရားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာဖို့အတွက် ကရင်နီပြည်အစိုးရသော်လည်းကောင်း KSCC သော်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာက ထောက်ပြပြောဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းက တရားဥပဒေစိုးမိုးမှု၊ တရားစီရင်ရေးအပိုင်းဟာ ပျက်သုန်းသွားပြီလို့ ပြည်သူလူထုတွေက ဝေဖန်ပြောဆိုကြပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တလင်းဖြစ်တာကြောင့် အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံရမှုအပြင် တရားဥပဒေစိုးမိုးမှုကိုလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မဏ္ဍိုင်ကြီးဖြစ်ကြတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟာ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီလက်အောက်မှာရှိနေတာကြောင့် အသက်မဝင်တော့ဘဲ တရားဥပဒေစိုးမိုးမှုဟာ အားနည်းလာတာဖြစ်ပါတယ်။

KSCC လက်အောက်ကနေ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲ (KSP) ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM ရဲ့ (၃၂၀)ဦးနဲ့ ဖွဲ့စည်းထားခဲ့ပြီး လူထုလုံခြုံရေး၊ တရားဥပေဒစိုးမိုးရေးအတွက် လက်ရှိအချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါပြီ။

KSP အုပ်ချုပ်ရေးနယ်မြေစိုးမိုးတဲ့ ဒေသတွေမှာတော့ အမှုကိစ္စဖြစ်ပေါ်လာပါက ကျေးရွာလူကြီး၊ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်၊ KSCC ခေါင်းဆောင်၊ KSP ခေါင်းဆောင်၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေပါဝင်တဲ့ တရားစီရင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။

“ဒီအမှုသေးသေးလေးတွေပေါ့နော် ရွာမှာဖြစ်တဲ့စကားများတာတို့ ဆဲဆိုတာတော့ဆိုရင်တော့ ဒီကျေးရွာမှာရှိတဲ့ ကျေးရွာလူကြီးတွေပါတယ် ကျတော်တို့ ဒီစခန်းKSPအဖွဲတွေပါတယ် ပြီးရင် တခြားဒီနယ်မြေမှာရှိတဲ့ အဖွဲ့အစည်းတွေပေါ့နော် ဒီEAOs အဖွဲတွေလည်း ပါတယ် အကုန်လုံးပေါ့ အဲဒါကနေ ဖွဲ့ပြီးတော့နော် ပြဿနာအသေးလေးတွေဆို ဥက္ကဌတို့နဲ့ ပြီးသွားတာတို့ ရှိတာပေါ့။ တခြားပြစ်မှုကြီးတဲ့ ဟာမျိုးတွေဆိုရင်တော့ အခုတရားစီရင်အဖွဲ့တွေ ဖွဲ့ထားတာက နယ်မြေမှာရှိတဲ့ ကျေးရွာ ရွာလူကြီးပါမယ် ဒီနယ်မြေက လူကြီးပါမယ် ပြီးရင် ကျတော်တို့ KSCC က အဖွဲ့ဝင်တယောက်ပါမယ် ကျတော်ကို့ KSP အကြီးပိုင်းထဲက တယောက်ပါမယ် ပြီးရင် ဒီနယ်မြေမှာရှိတဲ့ CSO ဖြစ်ဖြစ် EAO ဖြစ်ဖြစ် အဲဒါတွေထဲကလည်း တာဝန်ရှိတဲ့ လူကြီးတယောက်ပါမယ် ပြီးရင် တခြား ဂုဏ်သိက္ခာရှိတဲ့ လူကြီးပေါ့နော် အဲဒါမျိုးတွေနဲ့ တရားစီရင်ရေးအဖွဲ့ ဖွဲ့ပြီးတော့မှ ဆုံးဖြတ်ချက်ချတာပေါ့။”လို့ KSP ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။

KSP စိုးမိုးနယ်မြေဖြစ်တဲ့ လွိုင်ကော်အရှေ့ဖက်ခြမ်းအချို့၊ ဒီးမော့ဆိုမြို့နယ်အတွင်း၊ ဖယ်ခုံမြို့ နဲ့ အခြားဒေသအချို့ တွေမှာ တရားဥပဒေစိုးမိုးမှုရှိစေဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေဖို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးနယ်မြေတွေကို စိုးမိုးထားတဲ့ အစုအဖွဲ့တွေနဲ့ တွေ့ဆုံလျက်ရှိသလို ချိုးဖောက်မှုရှိပါက ထိန်းသိမ်းတာတွေ အပြစ်ပေးအရေးယူတာ ရှိပါတယ်။

ကရင်နီပြည်ရဲဌာန (KSP) ရဲ့ နယ်မြေကွင်းဆင်းမှုပုံရိပ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်ဖက်မှာလည်း ကရင်နီပြည်အစိုးရရဲ့ တရားစီရင်ရေးဟာ တစ်ပြည်နယ်လုံးလွှမ်းမခြုံနိုင်တော့တဲ့အနေအထားမှာရှိနေပြီး နယ်စပ်ဒေသ၊ ကျေးလက်ဒေသတွေမှာသာ လွှမ်းခြုံမှုရှိတယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီးဖြစ်တဲ့ ခူဒယ်နီယာက ပြောပါတယ်။
ကရင်နီပြည်အစိုးရ လက်အောက်ခံ တရားရေးဌာနမှာ ခန့်အပ်ထားတဲ့ တရားသူကြီးရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ချိတ်ဆက်မှုမရှိသေးဘူးလို့ ခူဒယ်နီယာက ဆိုပါတယ်။

“ကရင်နီပြည်အစိုးရဆိုတဲ့အောက်မှာ တရားရေးဌာနရှိတယ် အခုဖွဲ့စည်းထားတဲ့ တရားသူကြီးလည်းရှိတယ်။ သို့သော် ဒီချိတ်ဆက်မှုတွေက မရှိသေးဘူး။ အရင့် အရင် အမှုဘယ်လောက်ကြီးကြီးပေါ့လေ ကရင်နီပြည်တရားရေးဌာနကနေ တရားဥပဒေလုပ်ငန်းတွေ တရားစီရင်ရေးလုပ်ငန်းတွေတော့ အရင်ကတည်းကရှိပါတယ်။ သို့သော် အခုလက်ရှိအာဏာသိမ်းပြီးနောက်ပိုင်းမှာ ချိတ်ဆက်မှုက မရနေသေးဘူးဖြစ်နေတယ်။” လို့ ခူဒယ်နီယာက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း KSP ကိုင်တွယ်ဖြေရှင်းတဲ့ အမှုသေးသေးတွေဆိုရင် ဒေသန္တာဥပဒေနဲ့ဖြေရှင်းပြီး စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုများစွာမှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့က ဖရူဆိုမြို့ မိုဆိုကျေးရွာအနီးတစ်ဝိုက်မှာ ဖြစ်သွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်၊ စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို သက်သေအချက်အလက်စုဆောင်းပြီး နိုင်ငံတကာမှာ စစ်ကောင်စီကို တရားစွဲဆိုနိုင်ဖို့အတွက် ပြင်ဆင်ထားတာရှိတယ်လို့ သိရပါတယ်။

KSCC လက်အောက်ရှိ KSP အနေနဲ့ တရားဥပဒေပိုမို စိုးမိုးနိုင်ဖို့အတွက် တိုးချဲ့နယ်မြေ တော်တော်များများလုပ်ဆောင်နေပြီး ရဲစခန်းပိုမိုဖွင့်နိုင်ဖို့ ကြိုးစားနေသလို ရဲလုပ်ငန်းပါဝင်စိတ်ဝင်စားကြတဲ့သူတွေကိုလည်း သင်တန်းပေးတာမျိုးတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ KNDF စစ်ရေးပြမှုပုံရိပ်။
spot_img
spot_img