spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါရောက်ခူကျေးရွာမှာ ဆီးနှင်းကျပြီး ရေခဲတာတွေ ဖြစ်ပေါ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူ ကျေးရွာအတွင်းမှာ ဆောင်းတွင်းအအေးဒဏ်ကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစပြီး ဆီးနှင်းကျပြီး ရေခဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ပေါ်ဒေသဖြစ်လို့ တောင်ကြိုတောင်ကြား ပိုကျတဲ့နေရာတွေမှာ နှင်းပိုခဲတာကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါရောက်ခူကျေးရွာဟာ တခြားဒေသထက် ပိုအေးလေ့ရှိပေမယ့် ဒီလိုရေခဲမှုက ရာသီဥတုနဲ့ အသားမကျသေးတဲ့ စစ်ဘေးရှောင်တွေအတွက်ကတော့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။

” အခုအဒေါ်နေတဲ့ နေရာပေါ့နော သဲပုံ၊ ဖွဲပုံပေါ်မှာဆို မနက် ၆နာရီ၊ ၇နာရီ၊ ၈နာရီ အထိ နှင်း မပျောက်ပဲနဲ့ ဖြူဖွေးနေတယ်။ နောက် အိမ်ခေါင်မိုးပေါ်မှာကော ဆိုင်ကယ်တွေ ရပ်ထားတဲ့ ပေါ်မှာကော အဖတ်လိုက် အဖတ်လိုက် အဲ့လိုမျိုး ကော်လော် လို့ရှိရင်တော့ရတယ်။ ညအိပ်တဲ့အချိန်ဆို မိုးကာအောက်မှာ အိပ်ရတယ်မလာ။ နှင်းရဲ့ စစ်ရည်က မျက်နှာပေါ်ရော စောင်ပေါ်မှာကော တစ်စက်စက် ကျနေတာပဲ။ အဒေါ်တို့ ကိုယ်တိုင်ကိုယ်ကျခံစားရတယ်လေ အဲ့လိုမျိုး။ ဒါပေမယ့် နောက်ပိုင်းခါကျတော့ နည်းနည်းလျော့သွားတယ်ပေါ့နော။ သိပ်မခဲတော့ဘူး ဒါပေမယ့် ဖွဲတော့ ဖွဲသေးတယ်။ ” လို့ ဒေါရောက်ခူကျေးရွာမှာ စစ်ရှောင်နေတဲ့ ဒေါ်မိုင်းမူ က ပြောပါတယ်။

နံနက် ၆ နာရီကနေ ၇နာရီကြားထဲ ဆီးနှင်းကျပြီးရေခဲမှုအများဆုံးဖြစ်တာပါ။ ရေကို ထိရင်လည်း လက်ကျဥ်သွားတဲ့ထိ အေးနေတတ်ပါတယ်။ တောင်ပေါ်ဒေသဖြစ်လို့ အအေးဒဏ်က မြေပြန့်ဒေသထက် လွန်ကဲပါတယ်။

ရာသီဥတုအအေးဒဏ်ကြောင့် စောင်မလုံလောက်မှုပိုဖြစ်လာသလို အအေးဒဏ်ကိုမခံနိုင်တဲ့ သက်ကြီးရွယ်အို ၊နာတာရှည်ရောဂါသည် တချို့ကတော့ ညဖက် အိပ်မပျော်တာ ထုံကျင်ကိုက်ခဲတာတွေဖြစ်ကြတယ်လို့ နာတာရှည်ရောဂါရှိသူ စစ်ရှောင် ဒေါ်ခရစ္စတင်းက အခုလိုပြောပါတယ်။

” နှင်းတအားကျလို့ တအားအေးတယ် နောက် ထုံကျင် တယ်။ အေးပြီးတော့ အသားထဲ အဲ့လိုမျိုး ကျင်တယ်။ ကိုယ့်ရပ်ရွာဒေသမှာနေရင် အဲ့လိုမျိုး မဖြစ်ပါဘူးထင်တယ်။ ကိုယ့်ကိုယ်ကိုယ် နွေးနွေးထွေးထွေးနေရတယ်။ အမျိုးမျိုးစဉ်းစားပြီးတော့မှ ကြောက်စိတ်ဝင်လာတယ်။ ကျန်းမာရေးဘယ်လို ဆက်ဖြစ်မလဲ။ အမျိုးမျိုးစဉ်းစားပြီးတော့မှ ကြောက်တယ်ပေါ့။ “ လို့ ဒေါ်ခရစ္စတင်းက ပြောပါတယ်။

ဒေါရောက်ခူကျေးရွာအတွင်း ယခင်နှစ်ထက် ယခုနှစ်မှာ ဆီးနှင်းကျပြီးရေခဲတာတွေ ပိုဖြစ်တယ်လို့လည်း ဒေါရောက်ခူမှာ နေထိုင်သူတွေက ဆိုကြပါတယ်။ ဒေါရောက်ခူ မှာဆိုရင် ဇန်နဝါရီလ (၁၀)ရက်နောက်ပိုင်း (၁၆) ရက်နေ့အထိ ဆီးနှင်းကျပြီး ရေခဲတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

ကရင်နီပြည် ဖရူဆိုမြို့တစ်နေရာမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ရက်နေ့ ဝန်းကျင်တွေမှာ အဲဒီလို ဆီးနှင်းကျပြီး ရေခဲတာတွေဖြစ်ပေါ်ခဲ့ပါတယ်။

spot_img
spot_img