spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်ခိုလှုံနေသည့် ကျေးရွာတစ်ခု လေကြောင်းဗုံးကြဲခံရပြီး အရပ်သား ၁သေဆုံး ၃ ဦးဒဏ်ရာရ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းဒေါရောက်ခူကျေးရွာမှာ ဒီကနေ့ ( မတ်လ ၂၈ ရက်နေ့ ) ညနေ ၆ နာရီဝန်းကျင်က လေကြောင်းနဲ့ ဗုံးကြဲခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“ ၆ နာရီဝန်းကျင်ကထင်တယ်။ လေယာဉ်နဲ့ လာပစ်ချသွားတာ အသံ တစ်ခုကြားရတယ်။ ဒေါရောက်ခူဘက်ထင်တယ်။ အခုတော့ မကြားရတော့ဘူး။ မကြဲတော့ဘူး။ ဒီရက် လက်နက်ကြီးပစ်သံတွေတော့ မကြားဘူး။ တစ်ရက်နှစ်ရက်အတွင်းလည်း တိုက်ပွဲမဖြစ်ဘူး။ ” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

အဲဒီဗုံးကြဲခံရမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရထားတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။ ထိခိုက်ဒဏ်ရာ အသေးစိတ်ကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင်အများအပြားနဲ့ ဒေသခံ တွေ နေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်း ဒေါရောက်ခူကျေးရွာမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရပြီး အရပ်သား နှစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာလည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီ ကင်းထောက်လေယာဉ် ၅ ကြိမ်ခန့် ပျံဝဲနေခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာလည်း ဘောလခဲမြို့နယ်တစ်နေရာမှာရှိတဲ့ သစ်လုပ်ငန်းလုပ်ကိုင်တဲ့နေရာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလာကြဲသွားပြီး အရပ်သား ၃ ဦးသေဆုံးသလို ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ၁၃ ကြိမ်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စုစုပေါင်း ၁၉၇ ကြိမ် လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img