spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နင်းမိုင်းတွေ ရှိနေသေးတာကြောင့် နေရပ်မပြန်ကြသေးဖို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ မေတ္တာရပ်ခံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ နင်းမိုင်းတွေရှိနေသေးတာကြောင့် မိဘပြည်သူတွေအနေနဲ့ မိမိနေအိမ်ကို မပြန်ကြသေးဖို့ မိုးဗြဲကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အသင်းတွေက မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတစ်ခုဖြစ်တဲ့ ဒုန်းဒူထန်ရပ်ကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပြီး ကျန်တစ်ဦးမှာ မျက်လုံးအနည်းငယ် ထိမှန်ခဲ့တာကြောင့် သွားရောက် ကယ်ဆယ်ကုသမှု ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မိုးဗြဲမြို့တွင်း ပြည်ထောင်စုလမ်းမကြီးတစ်ဖက်မှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားတာရှိသလို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတွေကလည်း တစ်ဖက်ဆီ နေရာယူထားတာရှိတယ်လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ – Mobye Rescue Team

(၁၁.၁၁) စစ်ဆင်ရေးစတင်တဲ့ ရက်မှာပဲ မိုးဗြဲမြို့တွင်းက ဝါရီဆူးဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၃ ၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား စတဲ့ ကျေးရွာ ရပ်ကွက်တွေမှာ စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ စခန်း ၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မိုးဗြဲမြို့မှာ လတ်တလောတိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟုတ်တယ် လက်နက်ကြီးတွေ ပစ်ခတ်လာတာပေါ့ မိုးဗြဲမြို့ထဲကို။ တိုက်ပွဲကတော့ ငြိမ်နေတယ် စကစ(စစ်ကောင်စီ)တွေက မဝင်လာသေးဘူးပေါ့ ငြိမ်နေတယ်။”လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလောမှာလည်း မိုးဗြဲမြို့အတွင်းနဲ့ မြို့အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီတပ်က သွားလာလှုပ်ရှားနေတာကြောင့် ဒေသခံတွေအနေနဲ့ ကရုစိုက်သွားလာကြဖို့၊ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားတာရှိပါတယ်။

spot_img
spot_img

Recent posts